The network connection is lost.

Banner Image

ယူနိုက်တက်သို့ မာတီနက်ဇ်အပြောင်းအရွှေ့ပျက်ပြယ်ခဲ့တဲ့အပေါ် မှတ်ချက်ပြုလာတဲ့ စကာလိုနီ

အာဂျင်တီးနားလက်ရွေးစင်နည်းပြ လီယွန်နယ်စကာလိုနီက အသင်းရဲ့ဂိုးသမား အီမီလီယာနိုမာတီနက်ဇ်တစ်ယောက် မန်ချက်စတာယူနိုက်တက်သို့မပြောင်းရွှေ့ဖြစ်ခဲ့ခြင်းနဲ့ပတ်သက်ပြီး သူ့ရဲ့အမြင်ကို မှတ်ချက်ပေးလာခဲ့ပါတယ်။ 

ယခုရာသီအတွင်း အသင်းရဲ့ဂိုးသမားတွေဖြစ်တဲ့ အန်ဒရေအိုနာနာနဲ့ အယ်လ်တေးဘယင်ဒါတို့က သိသာထင်ရှားတဲ့အမှားတွေပြုလုပ်ပြီး လက်စွမ်းပြသနိုင်ခြင်းမရှိတာကြောင့် ယူနိုက်တက်ဟာ အပြောင်းအရွှေ့ကာလ နောက်ဆုံးနေ့ရက်အထိ ဂိုးသမားသစ်ရှာဖွေခဲ့ရပါတယ်။ 

အိုနာနာဟာ စတုတ္ထတန်းကလပ် ဂရင်းစ်ဘီတောင်းနဲ့ပွဲစဉ်မှာ ပါဝင်ခဲ့ပေမယ့် ဂိုးပေါက်ကာကွယ်ရာမှာ အားနည်းချက်တွေရှိခဲ့တာကြောင့် ယူနိုက်တက်အနေနဲ့ ကာရာဘောင်ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဘယင်ဒါကတော့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ သွင်းဂိုးတွေခွင့်ပြုထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်ယူနိုက်တက်အနေနဲ့ အပြောင်းအရွှေ့ကာလမပိတ်သိမ်းမီ အက်စတွန်ဗီလာဂိုးသမား မာတီနက်ဇ်ကိုခေါ်ယူဖို့ ကြိုးစားခဲ့ပြီး အပြောင်းအရွှေ့ဖြစ်ပေါ်လာဖို့နီးစပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ အာဂျင်တီးနားသားဟာ ဗီလာပါ့ခ်မှာပဲ ဆက်လက်ကျန်ရှိခဲ့တာဖြစ်ပါတယ်။ 

ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကိုအပြီးသတ်ခေါ်ယူနိုင်ခဲ့ခြင်းမရှိတာဟာ ဘဏ္ဍာရေးအခြေအနေကြောင့်ဖြစ်တယ်လို့သိရပြီး အသင်းရဲ့တောင်ပံကစားသမား ဂျေဒန်ဆန်ချိုတစ်ယောက် ဘာမင်ဂမ်သို့ အပြီးသတ်ထွက်ခွာဖို့ ငြင်းဆန်ခဲ့ခြင်းကြောင်းလည်း တစ်စိတ်တစ်ပိုင်းပါဝင်ပါတယ်။ 

ဆန်ချိုကို အပြီးသတ်ရောင်းချနိုင်ခြင်းမရှိတဲ့ယူနိုက်တက်အနေနဲ့ မာတီနက်ဇ်ကိုခေါ်ယူဖို့ လုံလောက်တဲ့ ဘဏ္ဍာငွေမရှာဖွေနိုင်ခဲ့တာကြောင့် ရွိုင်ရယ်အန့်တ်ဝပ်ဂိုးသမား ဆန်နီလမ်မန်းစ်ကိုသာ အစားထိုးခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ 

ယခုအခါမှာ စကာလိုနီက "မာတီနက်ဇ်က အဆင်ပြေပါတယ်။ သူ့ရဲ့အပြောင်းအရွှေ့ကတော့ ပျက်ပြယ်ခဲ့တာပေါ့။ သူ့ရဲ့မွေးနေ့မှာ သူပျော်ပျော်ရွှင်ရွှင်ပဲနေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်မှာကစားဖို့တော့ သူ့မှာလည်းဆန္ဒရှိပါတယ်။ ဒါပေမယ့် သူက လက်ရွေးစင်အသင်းကိုရောက်ချိန်မှာတော့ အဲဒါတွေကို အာရုံမထားတော့ပါဘူး။ ကလပ်အသင်းဆီကိုပြန်ရောက်ရင်လည်း လက်ရွေးစင်အသင်းက အခြေအနေတွေကိုမေ့ထားတဲ့သူပါ"

"မာတီနက်ဇ်ရ့အနာဂတ်မှာ ဘာတွေဖြစ်လာမလဲ ကျွန်တော်တို့စောင့်ကြည့်ရပါဦးမယ်။ သူ အသင်းအတွက်ကစားပေးချင်နေတာမှန်ပေမယ့် အလျင်စလိုလုပ်စရာမလိုပါဘူး။ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့လို့ စိတ်ဓာတ်ကျနေချိန်မှာ မကစားပေးလည်းရပါတယ်။ အသင်းမှာရှိနေရင်တော့ သူကစားခွင့်ရနေမှာပါပဲ" လို့ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့ဖလားချန်ပီယံ မာတီနက်ဇ်ကိုလက်လွှတ်လိုက်ရတဲ့ ယူနိုက်တက်အနေနဲ့တော့ အသင်းရဲ့ဂိုးသမားသစ် လမ်မန်းစ်ကို အိုးလ်ထရက်ဖို့ဒ်မှာ လျင်လျင်မြန်မြန်အသားကျစေဖို့ ကြိုးစားသွားရမှာဖြစ်ပြီး လာမယ့် စက်တင်ဘာလ ၁၄ ရက်နေ့မှာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရပါမယ်။