The network connection is lost.

Banner Image

လာမိုင်းယာမယ်လ်နဲ့ နှိုင်းယှဉ်ခံရတဲ့အပေါ် တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာတဲ့ အာဒါဂူလာ

ရီးရဲလ်မက်ဒရစ်တိုက်စစ်ကြယ်ပွင့် အာဒါဂူလာက ပြိုင်ဘက်ဘာစီလိုနာပါရမီရှင် ကစားသမား လာမိုင်းယာမယ်လ်နဲ့ နှိုင်းယှဉ်ချီးကျူးခံရခြင်းတွေနဲ့ပတ်သက်ပြီး တုံ့ပြန်ပြောဆိုမှုတွေပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ စပိန်အသင်းနဲ့ တူရကီအသင်းတို့ဟာ ယခုစက်တင်ဘာလအတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်လို့ ယာမယ်လ်နဲ့ ဂူလာတို့ကလည်း ပြိုင်ဘက်တွေအဖြစ် ရင်ဆိုင်သွားရမှာဖြစ်ပါတယ်။ 

ယာမယ်လ်နဲ့နှိုင်းယှဉ်ခံရခြင်းနဲ့ပတ်သက်ပြီး ဂူလာက "ကျွန်တော်နဲ့ ယာမယ်လ်က ကစားကြတဲ့နေရာတွေမတူပါဘူး။ ကစားပုံကလည်း ကွဲပြားပါတယ်။ ဒါကြောင့် နှိုင်းယှဉ်လို့မရပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်မှာကစားပြီး သူက ကျွန်တော်တို့ပြိုင်ဘက် ဘာစီလိုနာမှာကစားနေတာပါ။ မနက်ဖြန်ထိပ်‌တိုက်တွေ့မယ့်ပွဲမှာ အကောင်းဆုံးဖြစ်ပါစေလို့ သူ့အတွက် ဆုတောင်းပေးပါတယ်" လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး တူရကီကြယ်ပွင့်က "လာမိုင်းယာမယ်လ်လုပ်ပြနေတာတွေနဲ့ပတ်သက်ပြီး ကျွန်တော်မအံ့ဩမိပါဘူး။ သူက ပါရမီတွေအများကြီးရှိတဲ့ကစားသမားပါ။ ပြီးတော့ ကျွန်တော်တို့အတွက် ရင်ဆိုင်ရ အရမ်းခက်ခဲပါတယ်" လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ရာသီမှာ ယာမယ်လ်ဟာ ဘာစီလိုနာအတွက် စုစုပေါင်း ၅၅ ပွဲကစားပြီး ၁၈ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၂၅ ကြိမ်အထိပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ယခုရာသီမှာလည်း စပိန်လက်ရွေးစင်ဟာ ဘာစီလိုနာအတွက် သွင်းဂိုးတွေနဲ့ ဂိုးဖန်တီးမှုတွေ ဆက်လက်ပြုလုပ်ပြီးခြေစွမ်းပြနေဆဲဖြစ်ပါတယ်။ 

တစ်ဖက်မှာ ဂူလာကလည်း ယခုရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် လာလီဂါပွဲစဉ်တိုင်းမှာ ပွဲထွက်ကစားခွင့်ရထားပြီး သွင်းဂိုး ၁ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပေးကာ အထူးခြေစွမ်းပြနေတာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ စပိန်နဲ့ တူရကီတို့ထိပ်တိုက်တွေ့ဆုံသွားမယ့် ကမ္ဘာ့ဖလားခြေစစ်ပွဲမှာတော့ ယာမလ်နဲ့ ဂူလာတို့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး ဘယ်သူက အသာရသွားမလဲ စောင့်ကြည့်ရပါမယ်။