The network connection is lost.

Banner Image

ချစ်သူဟောင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရဲတပ်ဖွဲ့နဲ့အတူ ဖြေရှင်းဖို့ အင်္ဂလန်ကိုပြန်လာခဲ့တဲ့ အန်တိုနီ

မန်ချက်စတာယူနိုက်တက် တောင်ပံကစားသမား အန်တိုနီဟာ ၎င်းရဲ့ချစ်သူဟောင်းကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခံထားရပြီး ယခုအခါ ကစားသမားဟာ စွပ်စွဲချက်တွေကို ဖြေရှင်းရန် ဘရာဇီးနိုင်ငံ ဆာပေါ်လို လေဆိပ်မှတစ်ဆင့်အင်္ဂလန်သို့ ထွက်ခွာလာခဲ့ပြီဖြစ်ပါတယ်။
 
၎င်းရဲ့ချစ်သူဟောင်း ဂါဘရီလာကာဗာလင်က ဘရာဇီးသားဟာ ဇန်နဝါရီလ ၁၅ ရက်နေ့က သူမကို မန်ချက်စတာမြို့ရှိဟိုတယ်တစ်ခုမှာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ တိုင်ကြားထားပြီးနောက် ယူနိုက်တက်က ကစားသမားကို အသင်းရဲ့လူစာရင်းမှ အကန့်သတ်မရှိ ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယခုအခါ အန်တိုနီဟာ စွပ်စွဲချက်များကို ငြင်းဆန်ရန် ဘရာဇီးမှ ထွက်ခွာလာခဲ့ကြောင်းကို ယမန်နေ့ညက ဆာပေါ်လို လေဆိပ်မှာ ရောက်ရှိနေခဲ့တဲ့ ဓာတ်ပုံများမှာ မြင်တွေ့နိုင်ပါတယ်။
 
သတင်းရင်းမြစ်တစ်ခုက “အန်တိုနီက သူ့မှာ အပြစ်မရှိကြောင်းနဲ့ ဘာအမှားမှ မလုပ်ထားကြောင်း အခိုင်အမာပြောကြားနိုင်ဖို့ ရဲတပ်ဖွဲ့ကို စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ဖို့ ခွင့်ပြုသွားမှာပါ။ သူ့မှာဖုံးကွယ်ထားစရာ ဘာမှမရှိပါဘူး။ ပြီးတော့ သူ့ရဲ့မိုဘိုင်းဖုန်းအပါအဝင် ရဲတွေလိုအပ်တဲ့အရာမှန်သမျှကို ပေးအပ်သွားမှာပါ။ သူက တတ်နိုင်သမျှ ဒီပြဿနာကို အမြန်ဆုံးဖြေရှင်းချင်ပြီး ဘောလုံးကွင်းထဲကို အနှောင့်အယှက်မရှိ ခြေချချင်နေပါပြီ” လို့ဆိုပါတယ်။
 
ယမန်နေ့ညနေပိုင်းက ထွက်ပေါ်လာခဲ့တဲ့ ဓာတ်ပုံတွေထဲမှာ အသက်-၂၃ နှစ်အရွယ်ကစားသမားဟာ လေဆိပ်ကို ခရီးဆောင်အိတ် ၂ လုံးနဲ့ရောက်ရှိလာပြီး ခရီးထွက်ဖို့ပြင်ဆင်နေပါတယ်။ ယူနိုက်တက်ရဲ အသင်းလူစာရင်းမှ ဆိုင်းငံ့ခြင်းကိုခံထားရသော်လည်း အန်တိုနီဟာ ၎င်းရဲ့လစာကိုတော့ အပြည့်အဝရရှိနေတာဖြစ်ပါတယ်။
 
အန်တိုနီရဲ့ချစ်သူဟောင်း ဂါဘရီလာရဲ့စွပ်စွဲချက်တွေထဲမှာ ကစားသမားဟာ သူမကို ၄ ကြိမ်တိုင်တိုင် ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ကြောင်းနဲ့ နောက်ထပ်အမျိုးသမီး ၂ ဦးဖြစ်တဲ့ ဥပဒေကျောင်းသူ ရေစာနဲ့ ဘဏ်လုပ်ငန်းရှင် လာနာတို့ကလည်း အလားတူ ကိုယ်ထိလက်ရောက်ကျူးလွန်မှုတွေနဲ့ စွပ်စွဲထားတာဖြစ်ပါတယ်။ 
 
အန်တိုနီဟာ စက်တင်ဘာလ နိုင်ငံတကာပွဲစဉ်များမတိုင်ခင်မှာ အဆိုပါစွပ်စွဲချက်တွေကြောင့် ဘရာဇီးလက်ရွေးစင်အသင်းမှ ထုတ်ပယ်ခံခဲ့ရပြီးနောက် စွပ်စွဲချက်များကို မဟုတ်မမှန်ကြောင်း ဘရာဇီးနိုင်ငံ အင်တာဗျူးတစ်ခုမှတစ်ဆင့်မျက်ရည်တွေနဲ့ ဖြေရှင်းခဲ့ပါတယ်။ ၎င်းက “အမှန်တရားပေါ်ပေါက်လာမယ်ဆိုတာ ယုံကြည်ပါတယ်။ “ ဒီလိုကျူးလွန်မှုတွေကို ကျွန်တော်အနေနဲ့ လုံးဝမထောက်ခံပါဘူး။ အဲဒါကမှားပါတယ်။ ၁၀၀ ရာခိုင်နှုန်းမှားပါတယ်။ ကျွန်တော့်မှာ အမေနဲ့ ညီမလေးတစ်ယောက်ရှိပါတယ်။ သူတို့ကိုလည်း ဒီလိုကိစ္စမျိုး ဘယ်တော့မှမကြုံစေချင်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
 
ဒါ့အပြင် ယူနိုက်တက်ရဲ့ အသင်းလူစာရင်းမှ ခေတ္တခဏထုတ်ပယ်ထားတဲ့အပေါ် အန်တိုနီက "ဒီစွပ်စွဲချက်တွေကို ဖြေရှင်းနေတဲ့ကာလမှာ မန်ချက်စတာယူနိုက်တက်ကနေ ခေတ္တပျက်ကွက်ခွင့်ပြုဖို့ သဘောတူထားပါတယ်။ ဒါက အသင်းဖော်တွေအကြား မလိုလားအပ်တဲ့ အငြင်းအခုန်တွေဖြစ်မလာစေဖို့ ဆုံးဖြတ်ခဲ့တဲ့ အပြန်အလှန်သဘောတူညီမှုမျိုးပါ။ စွပ်စွဲခံထားရတဲ့ ကိစ္စတွေအတွက် ကျွန်တော့်ရဲ့ အပြစ်မရှိကြောင်း ထပ်လောင်း ပြောကြားလိုပြီး အမှန်တရားကို ဖော်ထုတ်နိုင်ဖို့ ရဲတွေနဲ့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမှာပါ။ တတ်နိုင်သမျှ အမြန်ဆုံး ပြန်ကစားနိုင်ဖို့ မျှော်လင့်နေပါတယ်" လို့ပြောကြားခဲ့ပါတယ်။