
နာပိုလီနဲ့ကွန်တီတို့ လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်လာ
နာပိုလီနည်းပြ အန်တိုနီယိုကွန်တီဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်ကမှ အသင်းအတွက် စီးရီးအေဆုဖလားကို ဆွတ်ခူးပေးနိုင်ခဲ့ပေမယ့် ယခုအခါမှာတော့ အသင်းနဲ့လမ်းခွဲတော့မယ်လို့ သတင်းတွေထွက်ပေါ်လာခဲ့ပါတယ်။
စနေနေ့က နာပိုလီဟာ ကာဂလီယာရီကို ၂-၀ နဲ့အနိုင်ယူပြီး အမှတ်ပေးဇယား ဒုတိယနေရာက အင်တာမီလန်ကို ၁ မှတ်အသာရကာ ၄ ကြိမ်မြောက် စီးရီးအေအမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆုဖလားဆွတ်ခူးပြီးနောက် နာပိုလီအသင်းသားတွေဟာ ပရိသတ်တွေနဲ့အတူ မြို့တွင်းမှာ အမိုးဖွင့်ကားတွေနဲ့ အကြီးအကျယ်အောင်ပွဲခံခဲ့ကြပေမယ့် ယခုအခါမှာတော့ မထင်မှတ်ထားတဲ့ စိတ်ပျက်စရာသတင်း ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။
အီတလီအခြေစိုက် Sky သတင်းဌာနရဲ့အဆိုအရ ကွန်တီဟာ ကလပ်ဥက္ကဌ အူရီလီယိုဒီလော်ရန်တီစ်ဦးဆောင်တဲ့ ဘုတ်အဖွဲ့နဲ့ တွေ့ဆုံခဲ့ပြီး အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ဆွေးနွေးမှုရဲ့ရလဒ်အရ ကွန်တီဟာ နာပိုလီနဲ့ ဆက်လက် လက်တွဲသွားမှာမဟုတ်ဘဲ လမ်းခွဲဖို့သာဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
အီတလီသတင်းတွေက နာပိုလီဟာ ကွန်တီရဲ့နေရာမှာအစားထိုးဖို့ ဂျူဗင်တပ်စ်နည်းပြဟောင်း မက်ဆီမီလီယာနိုအယ်လီဂရီကို ရည်ရွယ်ထားပြီးဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဒါကြောင့် နာပိုလီဟာ လာမယ့်နွေရာသီ ကွန်တီထွက်ခွာချိန်မှာ အယ်လီဂရီကို နည်းပြသစ်အဖြစ် ချက်ချင်းအစားထိုးခန့်အပ်ပြီး နောက်ရာသီအတွက် ပြင်ဆင်မှုတွေပြုလုပ်သွားဖွယ်ရှိပါတယ်။
သတင်းတွေအရ အယ်လီဂရီဟာ လက်ရှိနာပိုလီရဲ့ လူစာရင်းကို အပြောင်းအလဲပြုလုပ်ဖို့အတွက် လာမယ့်နွေရာသီမှာ ကစားသမားသစ်တွေ အများအပြားခေါ်ယူသွားနိုင်တယ်လို့ သိရပါတယ်။ သို့သော်လည်း လက်ရှိအချိန်မှာတော့ ကွန်တီဟာ နာပိုလီမှာပဲ ဆက်လက်ကျန်ရှိနေဆဲဖြစ်ပြီး အခြားအသင်းတွေကလည်း သူ့ကို နည်းပြသစ်အဖြစ်ခန့်အပ်ဖို့ စိတ်ဝင်စားပုံမရသေးလို့ အီတလီသားဟာ နာပိုလီမှာပဲ ဆက်လက်နေထိုင်သွားမလား စောင့်ကြည့်ရပါမယ်။