
ဆားဘီးယားနဲ့ပွဲမှာ ဂိုးသွင်းယူပြီး အင်္ဂလန်ဂန္ထဝင်ဝိန်းရွန်းနီနဲ့ စံချိန်တူသွားတဲ့ ဟယ်ရီကိန်း
အင်္ဂလန်အသင်းခေါင်းဆောင် ဟယ်ရီကိန်းဟာ ဗုဒ္ဓဟူးနေ့နံနက်က ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်မှာ ဆားဘီးယားဘက်ကို ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ဂန္ထဝင်တိုက်စစ်မှူးဟောင်း ဝိန်းရွန်းနီနဲ့ တူညီတဲ့စံချိန်တစ်ခုကို ရေးထိုးနိုင်ခဲ့ပါတယ်။
သောမတ်စ်တူချယ်လ်ရဲ့ဦးဆောင်မှုနဲ့ အင်္ဂလန်ဟာ ဆားဘီးယားကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ခဲ့တာဖြစ်ပြီး တိုက်စစ်အစွမ်းပြမှုနဲ့အတူ ၀-၅ ဆိုတဲ့ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အင်္ဂလန်အတွက်ဦးဆောင်ဂိုးကို ဘိုင်ယန်မြူးနစ်တိုက်စစ်ကြယ်ပွင့် ဟယ်ရီကိန်းက သွင်းယူပေးခဲ့တာဖြစ်ပြီး ကစားသမားဟာ အင်္ဂလန်ဂန္ထဝင်ဝိန်းရွန်းနီလိုပဲ လက်ရွေးစင်အဆင့် မတူညီတဲ့ပြိုင်ဘက် ၁၆ သင်းကို အဝေးကွင်းမှာဂိုးသွင်းနိုင်တဲ့မှတ်တမ်းကို ရရှိပိုင်ဆိုင်ခဲ့ပါတယ်။
အင်္ဂလန်ကိုစတင်ကိုင်တွယ်စဉ်က ရလဒ်ကောင်းတွေရရှိဖို့ ရုန်းကန်ခဲ့ရတဲ့ နည်းပြတူချယ်လ်အတွက်လည်း ယခုပွဲစဉ်ဟာ အသက်ရှူချောင်စေခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဆားဘီးယားအနေနဲ့ အင်္ဂလန်ကို အိမ်ကွင်းမှာ ခုခံကစားဖို့ ကြိုးစားခဲ့ပေမယ့် ခြေစွမ်းပိုင်းအတော်လေးကွာဟခဲ့ပြီး ကစားသမားတစ်ယောက် အနီကတ်ပြထုတ်ပယ်ခံရပြီးချိန်မှာတော့ ၅ ဂိုးအထိ ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကိန်းဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၀၉ ပွဲကစား ၇၄ ဂိုးအထိ သွင်းယူထားနိုင်တဲ့မှတ်တမ်းကိုလည်း ဆက်လက်ရရှိခဲ့ပါတယ်။ အသက်-၃၂ နှစ်အရွယ် ဝါရင့်တိုက်စစ်မှူးဟာ ယခုနှစ်အတွင်း ဘိုင်ယန်မြူးနစ်နဲ့အတူ ဘွန်ဒက်စ်လီဂါအမှတ်ပေးဖလားကို ဆွတ်ခူးထားနိုင်ခဲ့သလို အင်္ဂလန်အတွက်နောက်ဆုံးကစားခဲ့တဲ့ ၆ ပွဲမှာလည်း ၅ ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
လာမယ့်အောက်တိုဘာလမှာ အင်္ဂလန်ဟာ ချစ်ကြည်ရေးခြေစမ်းပွဲစဉ်အဖြစ် ဝေးလ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီးမှာတော့ နောက်ထပ်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်အဖြစ် လတ်ဗီယာနဲ့ ကစားသွားရပါမယ်။ ကိန်းအနေနဲ့ အင်္ဂလန်အသင်းအတွက် ပွဲစဉ်တိုင်းမှာဂိုးတွေသွင်းယူနိုင်ဖို့ အာရုံစိုက်နေမှာဖြစ်သလို နည်းပြတူချယ်လ်အနေနဲ့လည်း အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် ၆ ပွဲမှာ ၆ ပွဲစလုံးအနိုင်ရဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။