The network connection is lost.

Banner Image

ရှေ့လာမယ့် ပွဲစဉ်တွေဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ဘန်လေကိုမှ မနိုင်လျှင် နည်းပြ ပိုချက်တီနို အထုတ်ခံရနိုင်တယ်လို့ဆိုတဲ့ အန်ဒီဂိုးလ်စတိန်း

ပရီးမီးယားလိဂ်ပွဲစဉ် (၆) အဖြစ် ချဲလ်ဆီးအသင်းနဲ့ အက်စ်တွန်ဗီလာအသင်းတို့ လန်ဒန် မြေမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်အတွင်း အက်စ်တွန်ဗီလာအသင်းက ၀ဂိုး - ၁ဂိုး ရလဒ် ဖြင့် အနိုင်ရခဲ့ပြီး ရလဒ်ပိုင်းတွေ ဆက်တိုက်အားနည်းနေတဲ့ ချဲလ်ဆီးနည်းပြ ပိုချက်တီနိုအနေဖြင့် ဖူလ်ဟမ်၊ ဘန်လေအသင်းတို့နဲ့ ပွဲစဉ်တွေမှာ အနိုင်ရရန် လိုအပ်ကြောင်း  အားကစားဝေဖန်သုံးသပ်သူ အန်ဒီဂိုးလ်စတိန်းက ပြေဆိုလိုက်တာပဲ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက အိမ်ကွင်းမှာ ရလဒ်ကောင်းဖော်ဆောင်နိုင်ရေးအတွက် အဓိက ကစားသမားအများစုနဲ့ ပွဲထွက်လာခဲ့ပေမဲ့ တိုက်စစ်ပိုင်းက ဂိုးရရန် ရုန်းကန်နေခဲ့ရသလို ဗီလာအသင်းရဲ့ တန်ပြန်တိုက်စစ်တွေကိုပါ ခက်ခက်ခဲခဲထိန်းချုပ်ကစားခဲ့ရတာ ဖြစ်ပါတယ်။

ပွဲစဉ်ရဲ့ ဒုတိယပိုင်း ၁၅ မိနစ်ခန့်အရောက်တွင် ဂက်စ်တို တိုက်ရိုက်အနီကဒ် ပြသခံလိုက်ရ တာကြောင့် ချဲလ်ဆီးအသင်း တစ်ယောက်လျော့အနေအထားနဲ့ ဆက်လက်ကစားခဲ့ရပြီး ဗီလာအသင်းရဲ့ တိုက်စစ်ပိုင်းကို မထိန်းနိုင်ခဲ့ဘဲ အိုလီဝက်ကင်းရဲ့ ဦးဆောင်ဂိုးကို ခွင့်ပြုခဲ့ရကာ ပွဲပြီးချိန်မှာ ၀ဂိုး - ၁ဂိုး ရလဒ်ဖြင့် အရေးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

နည်းပြ ပိုချက်တီနိုရဲ့ ချဲလ်ဆီးအသင်းက စက်တင်ဘာ ၂၆ ရက်နေ့ညတွင် ကာရာဘောင်ဖလားပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်သလို အဆိုပါ ပွဲစဉ်အပြီး ပရီးမီးယားလိဂ်ပွဲစဉ်တွင် ဖူလ်ဟမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရမှာဖြစ်ပြီး အနိုင်ရလဒ်ဖော်ဆောင်ရန် လိုအပ်နေတာပဲ ဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေဖြင့် နိုင်ပွဲလိုအပ်နေတဲ့ အကြောင်းနဲ့ ပက်သက်လို့ အားကစားဝေဖန်သုံးသပ်သူ အန်ဒီဂိုးလ်စတိန်းက“ကျွန်တော် ချဲလ်ဆီးပွဲတွေကို ကြည့်ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ကို မတူတာပါ။ သူတို့က ကစားကွက်မထိန်းနိုင်ဘူး။ ဒါ့အပြင် သွင်းဂိုးတွေလည်း မသွင်းယူနိုင်ကြပါဘူး။ သူတို့က ၆ ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၅ ဂိုးသာ ရထားပြီး ဒီ ၅ ဂိုးထဲမှာ ၃ ဂိုးကို လူတန်တောင်းအသင်းနဲ့ ပွဲစဉ်တစ်ခုတည်းမှာ သွင်းယူထားခဲ့ကြတာပါ” “လွန်ခဲ့တဲ့ ၂၀၁၇ ခုနှစ်မှ အခုအထိ ချဲလ်ဆီးအသင်းက တိုက်စစ်ပိုင်းအတွက် ယူရိုသန်း ၃၀၀ လောက်အထိ အရှက်ရဖွယ်အသုံးပြုထားခဲ့ပေမဲ့ ဘာတစ်ခုမှ ဖြစ်မလာသေးပါဘူး” “လာမယ့် ပွဲစဉ်တွေကိုကြည့်ရင် ဖူလ်ဟမ်၊ ဘန်လေ၊ အာဆင်နယ်၊ ဘရန့်ဖို့ဒ်၊ တော့တင်ဟမ်၊ မန်စီးတီး၊ နယူးကာဆယ်၊ ဘရိုက်တန်ပြီးရင် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ကစားရမှာပါ။ ကျွန်တော့်တစ်ဦးတည်းအမြင်အရဆို ရှေ့ဆုံး ၂ ပွဲဖြစ်တဲ့ ဖူလ်ဟမ်နဲ့ ဘန်လေကိုသာ မနိုင်ရင် နည်းပြ ပိုချက်တီနိုအတွက် အထုတ်ခံရနိုင်ခြေပါရှိပါတယ်”လို့ ရှင်းပြ ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။