
တူရကီသို့ရောက်ရှိနေပြီဖြစ်တဲ့ ယူနိုက်တက်ကြယ်ပွင့် အိုနာနာ
မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာပြီး ထရက်ဘ်ဇွန်စပေါအတွက် တစ်ရာသီအငှားနဲ့ကစားပေးဖို့ ယခုအခါမှာတော့ တူရကီမြေသို့ရောက်ရှိနေပြီဖြစ်ပါတယ်။ အိုနာနာဟာ ၂၀၂၃ ခုနှစ်မှာ အင်တာမီလန်မှ ယူနိုက်တက်သို့ ပြောင်းရွှေ့ကြေးပေါင် ၄၈ သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး ၂ ရာသီအတွင်း အသင်းအတွက်စုစုပေါင်း ၁၀၂ ပွဲအထိ ကစားပေးခဲ့ပါတယ်။ သို့သော်လည်း ကင်မရွန်းသားဟာ ပရီးမီးယားလိဂ်မှာ လက်စွမ်းပြဖို့ရုန်းကန်ခဲ့ရသလို၊ သိသာထင်ရှားတဲ့ အမှားတွေလည်း ပြုလုပ်မိခဲ့တာကြောင့် ဝေဖန်မှုတွေနဲ့ ကြုံတွေ့ခဲ့ရပါတယ်။
အိုနာနာရဲ့ထွက်ခွာမှုနဲ့ပတ်သက်ပြီး ယူနိုက်တက်ဘက်က "မန်ချက်စတာယူနိုက်တက်ဂိုးသမား အန်ဒရေအိုနာနာဟာ ထရက်ဘ်ဇွန်စပေါသို့ တစ်ရာသီအငှားနဲ့ချိတ်ဆက်သွားပါတယ်။ အပြောင်းအရွှေ့ကို တူရကီဈေးကွက်ကပိတ်သိမ်းမယ့် သောကြာနေ့မတိုင်မီမှာပဲ ပြီးမြောက်အောင်ဆောင်ရွက်ခဲ့ပါတယ်။ အိုနာနာတစ်ယောက် အသင်းသစ်မှာ ကံကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်" လို့ထုတ်ပြန်ထားပါတယ်။
ယူနိုက်တက်ဟာ အိုနာနာမထွက်ခွာမီကတည်းက အသင်းရဲ့ဂိုးပေါက်ကို အင်အားဖြည့်တင်းဖို့ ဂိုးသမားသစ်တွေရှာဖွေနေခဲ့ပြီး အက်စတွန်ဗီလာဂိုးသမား အီမီလီယာနိုမာတီနက်ဇ်နဲ့ ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်မာတို့ကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ပါတယ်။ သို့သော်လည်း ကလပ်ရဲ့ဘဏ္ဍာရေးအခြေအနေအရ ယူနိုက်တက်ဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့ရက်မှာတော့ အန့်တ်ဝပ်ဂိုးသမားလေး ဆန်နီလမ်မန်းစ်ကိုသာ ရွေးချယ်ခေါ်ယူခဲ့ရပါတယ်။
အပြောင်းအရွှေ့ကျွမ်းကျင် ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ အိုနာနာကို တစ်ရာသီအငှားစာချုပ်နဲ့ ထရက်ဘ်ဇွန်စပေါသို့စေလွှတ်ခဲ့ပေမယ့် စာချုပ်သဘောတူညီချက်အရ အပြီးသတ်ဝယ်ယူခွင့်မပါသလို၊ ကစားသမားငှားရမ်းခကိုလည်း ရရှိသွားမှာမဟုတ်ဘူးလို့သိရပါတယ်။ ဒါကြောင့် အိုနာနာဟာ တူရကီမြေမှာ လက်စွမ်းပြသပြီး ယုံကြည်မှုပြန်လည်တည်ဆောက်နိုင်ဖို့ အဓိကအာရုံစိုက်သွားရမှာဖြစ်ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ မန်ချက်စတာဒါဘီပွဲစဉ်အဖြစ် မန်စီးတီးကိုအီတီဟတ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဂိုးသမားသစ် လမ်မန်းစ်ကို ပွဲထုတ်အသုံးပြုလားမလား စောင့်ကြည့်ရပါမယ်။