The network connection is lost.

Banner Image

ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် နည်းပြဘဝအနာဂတ်ကို မစိုးရိမ်ဘူးလို့ဆိုလာတဲ့ အန်ဆယ်လော့တီ

ရီးရဲလ်မက်ဒရစ်နည်းပြ ကားလို့စ်အန်ဆယ်လော့တီက အသင်းဟာ ရလဒ်ဆိုးတွေကြုံတွေ့နေရပေမယ့် သူ့အနေနဲ့ နည်းပြဘဝအနာဂတ်ကို စိုးရိမ်ခြင်းမရှိကြောင်း ပြောကြားလာခဲ့ပါတယ်။ ဗုဒ္ဓဟူးနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ဟာ အာဆင်နယ်ကို ၃-၀ နဲ့အရေးနိမ့်ခဲ့တာကြောင့် အန်ဆယ်လော့တီရဲ့နည်းပြရာထူးဟာ တည်ငြိမ်မှုမရှိတော့ဘူးလို့ သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ 

ရလဒ်ဆိုးတွေကြုံတွေ့နေရသလို၊ လက်ရှိရီးရဲလ်မက်ဒရစ်ရဲ့ ခြေစွမ်းကလည်း စိတ်ပျက်စရာကောင်းတယ်လို့ ပရိသတ်တွေက ဝေဖန်နေကြပါတယ်။ အန်ဆယ်လော့တီဟာ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၆ ရာသီကုန်အထိ စာချုပ်သက်တမ်းကျန်ရှိနေသေးတာဖြစ်ပါတယ်။စနေနေ့က သတင်းစာရှင်းလင်းပွဲမှာတော့ အီတလီသားနည်းပြက “ကျွန်တော့်ရဲ့အနာဂတ်နဲ့ပတ်သက်တဲ့ကိစ္စတွေမပြောသင့်သေးဘူးလို့ထင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စာချုပ်က ရှင်းရှင်းလင်းလင်းချုပ်ဆိုထားလို့ပါ။ ဘာတွေဖြစ်ခဲ့ဖြစ်ခဲ့ ရာသီကုန်မှသာ ဒီကိစ္စတွေပြောသင့်ပါတယ်။ ကလပ်က ကျွန်တော့်ဘက်မှာ အမြဲတမ်းရှိပါတယ်။ အထူးသဖြင့် ခက်ခဲတဲ့အချိန်တွေမှာပေါ့” လို့ပြောကြားခဲ့ပါတယ်။ 

ရီးရဲလ်မက်ဒရစ်အနေနဲ့ အာဆင်နယ်ကို အိမ်ကွင်းမှာ ပြန်လည်အနိုင်ယူပြီး ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်လှမ်းနိုင်ဦးမလားလို့ မေးမြန်းခဲ့ရာ အန်ဆယ်လော့တီက “ရှုံးတဲ့ပွဲစဉ်တိုင်းက အတူတူပါပဲ။ ရှုံးရင် အသင်းက ခက်ခဲတဲ့အချိန်ကို ရောက်သွားပါတယ်။ အရေးကြီးတာက ဘယ်လိုပုံစံနဲ့ ပြန်လာနိုင်မလဲဆိုတာပါပဲ။ ကျွန်တော်တို့ အာရုံစိုက်သွားရပါမယ်။ ဘောလုံးမှာက ဒီလိုပါပဲ။ အရှုံးတစ်ခုပြီးရင် အခွင့်အရေးကရောက်လာစမြဲပါ”

“ကျွန်တော်တို့ ကြိုးစားသွားပါမယ်။ အမှန်တရားတစ်ခုက ရီးရဲလ်မက်ဒရစ်ဟာ ဒီလိုအခြေအနေမှာ အမြဲတမ်းပြန်လာပါတယ်။ နောက်ဆုံးမိနစ်အထိကြိုးစားသွားပါမယ်။ မနက်ဖြန်ကစတင်ပြီးတော့ပေါ့” လို့ဖြေကြားခဲ့ပါတယ်။