The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်မှာပဲ ၂၀၃၀ ပြည့်နှစ်အထိ ဆက်ရှိနေဖို့ ဆုံးဖြတ်ခဲ့တဲ့ အယ်လ်ဖွန်ဆိုဒေးဗီးစ်

ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှု ရှိနေပေမယ့် အယ်လ်ဖွန်ဆိုဒေးဗီးစ်က ဘိုင်ယန်မြူးနစ်မှာ ကာလရှည်ဆက်ရှိနေနိုင်ဖို့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်စတား အယ်လ်ဖွန်ဆိုဒေးဗီးစ်က အသင်းနဲ့အတူ ၂၀၃၀ ပြည့်နှစ်အထိ ဆက်ရှိနေဖို့ စာချုပ်သစ်မှာ လက်မှတ်ရေးထိုးခဲ့တာပါ။ ခံစစ်အစွန်ကစားသမားရဲ့လက်ရှိစာချုပ်သက်တမ်းက နောက်ဆုံးခြောက်လတာကာလဆီ ဝင်ရောက်လာပြီဖြစ်ပေမယ့်  အခုအချိန်မှာတော့ ကစားသမားကိုယ်တိုင်က ဘွန်ဒက်စ်လီဂါဘီလူးကြီးနဲ့ ကာလရှည်စာချုပ်သစ်တစ်ရပ်ကို ထပ်မံချုပ်ဆိုခဲ့ပါတယ်။

စာချုပ်သက်တမ်းပြည့်မြောက်ခါနီး ဘောလုံးကြယ်ပွင့်တွေကို ချဉ်းကပ်ခေါ်ယူရာမှာ နာမည်ကြီးတဲ့ ရီးရဲလ်မက်ဒရစ်ရဲ့အဓိကပစ်မှတ်ကစားသမားစာရင်းမှာ ဒေးဗီးစ်လည်း ပါဝင်ခဲ့ပါတယ်။ စပိန်ဘီလူးကြီးက ပြီးခဲ့တဲ့နွေရာသီကာလမှာ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အမ်ဘာပေကို ခေါ်ယူခဲ့သလို လာမယ့် ၂၀၂၅ ခုနှစ်၊ နွေရာသီကာလမှာလည်း အာနိုးလ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် ဆက်လက်ခေါ်ယူသွားရန် စိတ်အားထက်သန်နေပါတယ်။

ဒေးဗီးစ်က ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလအတွင်း Vancouver Whitecaps မှ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာခဲ့ပြီး ဂျာမန်ထိပ်သီးကလပ်နဲ့အတူ အောင်မြင်တဲ့ဘောလုံးရာသီအချို့ ပိုင်ဆိုင်ခဲ့ပါတယ်။ အသက်-၂၄ နှစ်အရွယ် ကနေဒါလက်ရွေးစင်ကစားသမားက ဘွန်ဒက်စ်လီဂါချန်ပီယံဆုကို ငါးကြိမ်တိုင် ရရှိခဲ့သလို ၂၀၂၀ ပြည့်နှစ် ချန်ပီယံလိဂ်ဆုဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။လာမယ့်နှစ်တွေအတွင်းမှာလည်း နောက်ထပ်အောင်မြင်မှုတွေ ဆက်လက်ရရှိဖို့ ရည်မှန်းထားပါလိမ့်မယ်။

ဒေးဗီးစ်က လတ်တလောမှာ တံကောက်ကြောဒဏ်ရာကြောင့် အနားယူနေရပြီး ဘောလုံးပြန်ကစားနိုင်ဖို့ နောက်ထပ်တစ်လလောက် အချိန်ယူရဦးမယ်လို့ သိရပါတယ်။ လက်ရှိမှာ ရာဖေးလ်ဂွါရဲရိုးက ခံစစ်ဘယ်ခြမ်းအတွက် အားဖြည့်ကစားပေးနေပေမယ့် ဘိုင်ယန်မြူးနစ်ရဲ့ဘွန်ဒက်စ်လီဂါချန်ပီယံဆုအိပ်မက်နဲ့ ချန်ပီယံလိဂ်ခရီးလမ်းအတွက် သူတို့ရဲ့ဦးစားပေးခံစစ်ကစားသမား အမြန်ဆုံးပြန်လာနိုင်ဖို့ လိုအပ်နေပါတယ်။