
နယူးကာဆယ်မှထွက်ခွာဖို့ ယတိပြတ်ဆုံးဖြတ်ထားတဲ့ တိုက်စစ်မှူးအီဆက်ခ်
နယူးကာဆယ်အသင်းဘုတ်အဖွဲ့ဝင်တွေနဲ့ နောက်ဆုံးအကြိမ်တွေ့ဆုံမှုအတွင်း အီဆက်ခ်က အခုနွေရာသီမှာ လီဗာပူးဆီပြောင်းရွှေ့ဖို့ ယတိပြတ်ဆုံးဖြတ်ထားပြီးပြီလို့ ပြောကြားခဲ့ပါတယ်။
Telegraph သတင်းဌာနရဲ့အဆိုအရ နယူးကာဆယ်အသင်းပူးတွဲပိုင်ရှင် ဂျေးမီရီအူဘင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့တစ်ခုက အီဆက်ခ်ရဲ့နေအိမ်ဆီ ရောက်ရှိလာခဲ့ပေမယ့် ကစားသမားကို ကလပ်အသင်းနဲ့ ပြန်ပူးပေါင်းဖို့အတွက် မစည်းရုံးနိုင်ခဲ့ဘူးလို့ သိရပါတယ်။ လီဗာပူးဆီပြောင်းရွှေ့ဖို့ အီဆက်ခ်ကိုယ်တိုင် ပြတ်ပြတ်သားသားဆုံးဖြတ်ထားပေမယ့် နယူးကာဆယ်ကတော့ သူတို့စိတ်ကြိုက်ကမ်းလှမ်းမှုမျိုး မရရှိထားဘူးလို့ အခိုင်အမာပြောကြားထားခဲ့ပါတယ်။
ကြိုးကြာနီတွေက အီဆက်ခ်အတွက် ပေါင်သန်း ၁၁၀ (ဒေါ်လာ ၁၄၈ သန်း)တန်ကမ်းလှမ်းမှုကို ပြုလုပ်ခဲ့ပြီးဖြစ်ပေမယ့် နယူးကာဆယ်ကတော့ ကစားသမားကို ဈေးနှုန်းပေါင်သန်း ၁၅၀ အထိသတ်မှတ်ကာ ပယ်ချခဲ့ပါတယ်။ လီဗာပူးဘက်ကတော့ ဒီလောက်အထိတိုးမြှင့်ကမ်းလှမ်းသွားဖို့ ဆန္ဒမရှိသလို ငှက်ကျားတွေဘက်မှာလည်း ကမ်းလှမ်းမှုကိုအားပေးဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ အီဆက်ခ်ကိုယ်တိုင်ကတော့ အပြောင်းအရွှေ့ကိုလိုလားနေပြီး ကလပ်အသင်းအတွက် ပြန်ကစားပေးဖို့ ဆက်လက်ငြင်းဆန်နေပါတယ်။ ဒါကြောင့် သူက အခုသီတင်းပတ်ကုန်၊ လိဒ်ယူနိုက်တက်နဲ့ပွဲစဉ်ကိုလည်း လွဲချော်သွားဖို့ သေချာသလောက် ရှိနေပါတယ်။
အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့တော့ ခြောက်ရက်လောက်ပဲ ကျန်ပါတော့တယ်။ နယူးကာဆယ်ဘက်ကလည်း ဆွီဒင်သားရဲ့နေရာမှာ အစားထိုးဖို့ တိုက်စစ်မှူးနှစ်ဦးလောက် ဝယ်ယူရနိုင်သလို အခုလက်ရှိအသင်းလူစာရင်းပိုင်းမှာလည်း အသိအမှတ်ပြုစရာလောက်လောက်လားလား အထောင်တိုက်စစ်မှူးစစ်စစ်မရှိနေလို့ အီဆက်ခ်ကိုမရောင်းချဖို့ ဆုံးဖြတ်နိုင်ပါတယ်။ ငှက်ကျားတွေက ဝုဗ်တိုက်စစ်မှူးစတန်းလာဆင်နဲ့ ဘရန့်ဖို့ဒ်ကြယ်ပွင့်ဝှစ်ဆာကို စိတ်ဝင်စားနေပါတယ်။
နယူးကာဆယ်က အခုသီတင်းပတ်ကုန်မှာ လိဒ်ယူနိုက်တက်နဲ့ရင်ဆိုင်ရဖို့ရှိနေပြီး အီဆက်ခ်ကိုလည်း လက်လွှတ်ထားရနိုင်ပါတယ်။ ဒီနေရာမှာ လီဗာပူးက နယူးကာဆယ်နဲ့ ပြောင်းရွှေ့ကြေးသတ်မှတ်ချက်အပေါ် အကျေအလည်ညှိနှိုင်းနိုင်မလားဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။