
နယူးကာဆယ်ကြယ်ပွင့် အီဆက်ကို ကြီးမားတဲ့တန်ကြေးနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတဲ့ ဆော်ဒီကလပ် အယ်လ်ဟီလယ်
ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်ဟီလယ်ဟာ လီဗာပူးအပါအဝင် ဥရောပထိပ်သီးကလပ်အတော်များများက ပစ်မှတ်ထားနေတဲ့ နယူးကာဆယ် တိုက်စစ်ကြယ်ပွင့် အလက်ဇန်းဒါးအီဆက်ကို ကြီးမားတဲ့တန်ကြေးနဲ့ကမ်းလှမ်းဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။
နာမည်ကျော်ဂျာနယ်လစ် ဂျီယန်လူကာဒီမာဇီယိုရဲ့အဆိုအရ အယ်လ်ဟီလယ်ဟာ ယခုနွေရာသီအတွင်း အသင်းရဲ့တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ဥရောပကြယ်ပွင့်တွေကို ပစ်မှတ်ထားနေတာဖြစ်ပြီး အီဆက်ကို အလားအလာရှိတဲ့ အပြောင်းအရွှေ့အဖြစ် ရှုမြင်ထားတယ်လို့သိရပါတယ်။
လီဗာပူးအနေနဲ့လည်း လေဗာကူဆင်ကြယ်ပွင့် ဖလော်ရီယန်ဝစ်ဇ်ကို အသင်းမှာခေါ်ယူထားပြီးဖြစ်ပေမယ့် အီဆက်ကိုတော့ ဆက်လက်ပစ်မှတ်ထားနေဆဲဖြစ်ပြီး ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၃၀ နဲ့ခေါ်ယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ သတင်းတွေအရ အယ်လ်ဟီလယ်အနေနဲ့လည်း ပြောင်းရွှေ့ကြေးနဲ့ပတ်သက်ပြီး အခက်အခဲမရှိပေမယ့် ကစားသမားကိုခေါ်ယူနိုင်ဖို့တော့ အတော်လေး ရုန်းကန်သွားရဖွယ်ရှိပါတယ်။
ပြီးခဲ့တဲ့ရာသီက အီဆက်ဟာ နယူးကာဆယ်အတွက် ပြိုင်ပွဲစုံ ၂၇ ဂိုးအထိသွင်းယူပေးခဲ့ပြီး ကာရာဘောင်ဖလားကို ဆွတ်ခူးပေးခဲ့ကာ အသင်းရဲ့ နှစ် ၇၀ ကြာဆုဖလားမိုးခေါင်မှု ကို အဆုံးသတ်ပေးနိုင်ခဲ့ပါတယ်။ ဆွီဒင်လက်ရွေးစင်ဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၃ နှစ်အထိကျန်ရှိနေသေးပြီး နောက်ရာသီမှာလည်း ချန်ပီယံလိဂ်ကစားရဖို့အခွင့်အရေးရှိနေတာကြောင့် လွယ်လွယ်ကူကူနဲ့တော့ အသင်းကနေ ထွက်ခွာသွားဖွယ်မရှိပါဘူး။
လောလောဆယ်မှာတော့ အယ်လ်ဟီလယ်အနေနဲ့ ပြောင်းရွှေ့ကြေးဘယ်လောက်နဲ့ကမ်းလှမ်းမယ်ဆိုတာ တိတိကျကျသိရှိရခြင်းမရှိသေးဘဲ နယူးကာဆယ်အနေနဲ့လည်း ကစားသမားကို ထွက်ခွာခွင့်ပေးသွားမလား အသင်းမှာပဲဆက်ထိန်းဖို့ကြိုးစားသွားမလား စောင့်ကြည့်ရပါမယ်။