The network connection is lost.

Banner Image

အင်္ဂလန်နဲ့ပွဲမှာ ပင်နယ်တီ လွဲချော်ခဲ့ပြီးနောက် အခြေအနေတွေကို ထုတ်ဖော်ပြောကြားလာတဲ့ အကန်ဂျီ

ယူရို ၂၀၂၄ ကွာတားဖိုင်နယ်မှာ အင်္ဂလန်ကို ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရာမှာ ပင်နယ်တီ လွဲချော်ခဲ့တာကြောင့် သူ့တိုင်းပြည်အတွက်စိတ်မကောင်းဖြစ်မိတယ်လို့ အကန်ဂျီက ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်ဟာ စနေနေ့တုန်းက အင်္ဂလန်နဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပြီး ဆာကာတစ်ယောက် ချေပဂိုးမသွင်းခင် အမ်ဘိုလိုက ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

အဆိုပါပွဲဟာ အချိန်ပိုအထိ သရေကျခဲ့တာကြောင့် ပင်နယ်တီအထိဆက်သွားခဲ့ရပြီး အကန်ဂျီရဲ့ကန်ချက်ကို အင်္ဂလန်ဂိုးသမား ပစ်ဖို့ဒ်က ကာကွယ်နိုင်ခဲ့ပါတယ်။ အဲ့နောက် ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၃ နဲ့ အင်္ဂလန်ကအနိုင်ရပြီး ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဆွစ်ဇာလန်အတွက်တော့ သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ် ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်မယ့်အခွင့်အရေး လက်လွှတ်ခဲ့ရပါတယ်။ အင်္ဂလန်ဘက်က  ပင်နယ်တီအားလုံးဝင်ခဲ့ပေမယ့် ဆွစ်ဇာလန်ဘက်မှာတော့ အကန်ဂျီနဲ့ ဇာခါတို့ ပင်နယ်တီလွဲချော်ခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ အသက် ၂၈ နှစ်သားက “ကျွန်တော်က အသင်းကိုစိတ်ဓာတ်ကျဆင်းခဲ့စေသလို တိုင်းပြည်အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် ဆွစ်ဇာလန်နည်းပြ ယာကင်ကတော့ သူ့ကစားသမားတွေဘက်ကနေ ကာကွယ်ပြောကြားခဲ့ပြီး အကန်ဂျီအနေနဲ့ အကောင်းဆုံးလုပ်ဆောင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

“ခင်ဗျားအနေနဲ့ ခင်ဗျားကစားသမားတွေကို တာဝန်ယူမှု ၊ တာဝန်ခံမှုပေးရမှာပါ။ သူတို့ကို စိတ်ဆိုးလို့မရပါဘူး။ ကစားသမားတွေက ဒီပြိုင်ပွဲမှာ အကောင်းဆုံး ကစားပြခဲ့ပါတယ်။ အထူးသဖြင့် အကန်ဂျီပါ။ သူ့ကိုခင်ဗျားဘာပြောနိုင်မှာလဲ။ သူ့အတွက် စကားလုံးအများကြီးမရှိပါဘူး။ အဲ့တာက ပြဿနာမဟုတ်ပါဘူး။ ဒီနေ့ပွဲမှာ သူ့ရဲ့စွမ်းဆောင်ရည်အတွက် ကျေးဇူးတင်ချင်ပါတယ်။ သူက အသင်းကို ဦးဆောင်နိုင်ခဲ့ပါတယ်။ ထိပ်တန်းအဆင့် စွမ်းဆောင်ရည်မျိုးလည်း ပြသနိုင်ခဲ့ပါတယ်။ မှန်ပါတယ်။ လုံးဝကို ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ဒီလိုဝမ်းနည်းမှုမျိုးက တစ်ဦးချင်းမှာဖြစ်နေတာပါ။ ဒီနေ့ပွဲက တကယ်ကောင်းခဲ့သလို ပင်နယ်တီဆိုတာလည်း လွဲချော်နိုင်ပါတယ်။ အခုတော့ သူ့အနေနဲ့ အဲ့တာကိုထိုင်ပြီးဝမ်းနည်းနေလို့ မရတော့ပါဘူး။ သူဘယ်လောက်အထိ အသင်းကို ပခုံးပေါ်ထမ်းတင်ပြီး ကစားခဲ့လဲ တာဝန်ယူခဲ့လဲဆိုတာ မြင်နိုင်ပါတယ်”လို့ ယာကင်က ပြောကြားခဲ့ပါတယ်။

ယာကင်က အကန်ဂျီဟာ ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံးကစားပြခဲ့သလို ၁၆ သင်းအဆင့် အီတလီကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းကိုကူညီပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။