လတ်တလော အခြေအနေဆိုးတွေအတွက် ကယ်တင်ရှင်မျှော်လင့်နေလို့ မရဘူးလို့ မိုင်နူး ဖွင့်ဟ
မန်ချက်စတာယူနိုက်တက်ကွင်းလယ်လူ မိုင်နူးက ၂၀၂၆-၂၀၂၇ ဘောလုံးရာသီအစ၊ သူတို့အသင်းရဲ့ စိတ်ပျက်ဖွယ်ခြေစွမ်းနဲ့ပတ်သက်လို့ ဖွင့်ဟပြောကြားလိုက်ပါတယ်။
ခါးသီးပြိုင်ဘက်လီဗာပူးကို ၄-၀ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့တဲ့ တနင်္ဂနွေနေ့ပွဲစဉ်အပြီး ပိုချက်တီနိုရဲ့စတင်မှုက အခုထက်ပိုမိုဆိုးရွားတဲ့အဖြစ်မျိုး မရှိနိုင်တော့လောက်အောင် ဖြစ်သွားခဲ့ရပါတယ်။
ယူနိုက်တက်က အခုဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ရာအဖွင့် ၁၁ ပွဲကစားပြီးချိန် တစ်ပွဲသာ အနိုင်ရရှိကာ ရမှတ် ၈ မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် ၁၉ နေရာအထိ ရောက်ရှိနေပါတယ်။
အင်္ဂလန်ဒါဘီဂိုးပြတ်ရှုံးနိမ့်မှုအပြီး MUTV နဲ့တွေ့ဆုံချိန် အသက် ၂၁ နှစ်အရွယ် မိုင်နူးက ကယ်တင်ပေးနိုင်မယ့်သူ မရှိပေမဲ့ ကစားသမားတွေကိုယ်တိုင် ဆက်လက်တိုက်ပွဲဝင်သွားဖို့ အဆင်သင့်ပဲလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
မိုင်နူးက "အခုအချိန်မှာတော့ စိတ်ဓါတ်ခိုင်မာမှုသာ အဓိကအကျဆုံး ဖြစ်ပါတယ်။ ကျွန်တော်တို့က သမိုင်းတစ်လျှောက် အနိမ့်ကျဆုံး အနေအထားဆီ ရောက်နေပြီး ဘယ်သူမှ ကျွန်တော်တို့ကို လာကယ်မှာ မဟုတ်ပါဘူး" လို့ ပြောပါတယ်။
"ကူညီမယ့်လက်တွေ ရောက်လာဖို့ မရှိလို့ ကျွန်တော်တို့ အတူတကွ ပူးပေါင်းလုပ်ဆောင်ရင်း အချင်းချင်း ကူညီရိုင်းပင်းကာ ဆက်လက်ကြိုးစားသွားရပါမယ်။ ဒါဆိုရင် အခြေအနေတွေ ပြန်ကောင်းလာမယ်လို့ မျှော်လင့်ပါတယ်"
"ကျွန်တော်တို့အားလုံး စိတ်နှစ်မြှုပ်ထားကြပါတယ်။ ဘယ်သူကမှ ဘယ်ကိုမှ ထွက်သွားဖို့ မရှိသလို ကျွန်တော်တို့အချင်းချင်းလည်း အားကိုးယုံကြည်နေကြပါတယ်"
"ကျွန်တော်တို့ ဘာလုပ်ရမလဲဆိုတာ အားလုံး သိထားကြသလို နည်းပြသစ်နဲ့အတူ သူ့ရဲ့နောက်ကွယ်မှာ အပြည့်အဝရပ်တည်ပြီး လေ့ကျင့်ရေးကွင်းမှာ ဆက်လက်ကြိုးစားသွားဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျွန်တော်တို့ သိပါတယ်။ ဒါက ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုတည်းသော အရာပါပဲ" လို့ ဆိုပါတယ်။