ယူနိုက်တက်ကို ဂိုးပြတ်အနိုင်ရရှိပြီးနောက် သူ့ရဲ့ခြေစွမ်းပိုင်းအပေါ် အားရကျေနပ်နေတဲ့ ဖလော်ရီယန်ဝစ်ဇ်
ယမန်နေ့(တနင်္ဂနွေနေ့)၊ အန်းဖီးလ်ကွင်းမှာ မန်ချက်စတာယူနိုက်တက်ကို ၄-၀ ဂိုးဖြင့် အပြတ်အသတ် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး လီဗာပူးကွင်းလယ်လူဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့အထင်ကြီးဖွယ်ခြေစွမ်းပြသနိုင်မှုအပေါ် ကျေနပ်အားရမိတယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
လီဗာပူးအတွက် သက်သောင့်သက်သာ နိုင်ပွဲရရှိခဲ့တဲ့ အိမ်ကွင်းပွဲစဉ်မှာ ဂျာမန်ကွင်းလယ်ဖန်တီးရှင်က တစ်ဂိုး သွင်းယူပေးခဲ့သလို ဂိုးဖန်တီးမှုတစ်ကြိမ်လည်း ပြုလုပ်ခဲ့ပြီး ဆိုဘိုဆလိုင်း၊ အန်ဂူမိုဟာနဲ့ ဗစ်တာမူနော့ဇ်တို့လည်း သွင်းဂိုးကိုယ်စီ ရရှိခဲ့ပါတယ်။
ကလပ်နဲ့ နိုင်ငံ့အသင်းအတွက် မကြာသေးမီကာလအတွင်း ပြသခဲ့တဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ဆက်လက်ထိန်းသိမ်းရင်း နောက်ထပ်ထူးချွန်တဲ့ ခြေစွမ်းတစ်ခုကို ထုတ်ပြနိုင်ခဲ့ပြီးနောက် "အရမ်း နေလို့ကောင်းတယ်" ဖလော်ရီယန်ဝစ်ဇ် ခံစားနေရပါတယ်။
ကလပ်အသင်းရဲ့ တရားဝင်ဝက်ဘ်ဆိုဒ်ဆီ သူက "ကျွန်တော် အရမ်း နေလို့ကောင်းပါတယ်။ ဒါပေမဲ့ အသင်းလိုက် တိုးတက်လာပြီး ပိုကောင်းလာတာကြောင့်လည်း ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလို အသင်းရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်နေရုံနဲ့တင် ကိုယ်တိုင်လည်း ပိုကောင်းလာလို့ ကျွန်တော် ဒါကို ပျော်မွေ့နေရုံပါပဲ" လို့ ပြောပါတယ်။
"ဒီနေ့နိုင်ပွဲက သေချာပေါက် အရေးကြီးသလို အမှတ်ပေးဇယား အခြေအနေအတွက်လည်း အရေးပါခဲ့ပါတယ်"
"အမှတ်ပေးဇယားထိပ်ပိုင်းနားက အသင်းတော်တော်များများ အခုသီတင်းပတ်ကုန်မှာ နိုင်ပွဲပျောက်ဆုံးခဲ့လို့ ဒီအခွင့်အရေးကို ကျွန်တော်တို့ အသုံးချနိုင်ခဲ့တာ အရမ်းကောင်းပါတယ်"
"သေချာတာပေါ့၊ အနီကတ်ကြောင့် ပွဲစဉ်အပေါ် အနည်းငယ်သက်ရောက်မှု ရှိခဲ့ပေမဲ့ အဲဒါကို ကျွန်တော်တို့ ရယူနိုင်ခဲ့တယ်။ အီဆက်ရဲ့ပြေးထွက်မှုကြောင့် ဒီအခွင့်အရေးကို ကျွန်တော်တို့ ထိုက်ထိုက်တန်တန် ရရှိခဲ့တာပါ။ ဒါကြောင့် ဟုတ်ပါတယ်၊ အရာအားလုံး အရမ်းကောင်းပါတယ်" လို့ ဆိုပါတယ်။