ဘာစီလိုနာ၊ စပိန်တို့နဲ့အတူ ၂၀၂၆ ခုနှစ်မှာ အောင်မြင်မှုတွေ ရရှိပြီးနောက် Golden Boy ဆုကို ဆွတ်ခူးရရှိခဲ့တဲ့ ကူဘာစီ
ဘာစီလိုနာလူငယ်နောက်ခံလူ ပါအူကူဘာစီက အသက် ၂၀ နှစ်ပြည့်မြောက်ဖို့ နှစ်လအလိုမှာပဲ Golden Boy ဆုကို ဆွတ်ခူးပြီး ကလပ်နဲ့ နိုင်ငံအသင်းအတွက် အလွန်အောင်မြင်တဲ့ တစ်နှစ်တာကာလကို အဆုံးသတ်ခဲ့ပါတယ်။
ကူဘာစီက စပိန်အသင်းရဲ့ကမ္ဘာ့ဖလားချန်ပီယံပြေးလမ်းမှာ အဓိကအခန်းကဏ္ဍအဖြစ် ပါဝင်ခဲ့ပြီး ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။ ဒါ့အပြင် ဘာစီလိုနာအသင်းရဲ့ လာလီဂါချန်ပီယံသရဖူထိန်းသိမ်းနိုင်ခဲ့တဲ့ ခရီးစဉ်မှာလည်း ခံစစ်ပိုင်းကို အကောင်းဆုံးဦးဆောင်ထိန်းကျောင်းပေးခဲ့ပါတယ်။
Golden Boy ဆိုကိုတော့ သတင်းစာဆရာဂျာနယ်လစ်တွေရဲ့ မဲပေးရွေးချယ်မှုနဲ့ ဆုံးဖြတ်ပြီး ပြက္ခဒိန်တစ်နှစ်တာကာလအတွင်း အကောင်းဆုံးလူငယ်ကစားသမားဆီ ချီးမြှင့်လေ့ ရှိပါတယ်။ ဒီဆုအတွက် အသက် ၂၁ နှစ်အောက် ကစားသမားတွေသာ အကျုံးဝင်ပြီး ဥရောပထိပ်တန်းလိဂ်တစ်ခုခုမှာ ကစားနေဖို့ လိုအပ်ပါတယ်။
ဆုပေးပွဲအခမ်းအနားအတွင်း ကူဘာစီက "ဒီဆုကို ရရှိလို့ ကျွန်တော် အရမ်းဂုဏ်ယူမိသလို ကျွန်တော့်ကို မဲပေးခဲ့ကြတဲ့သူအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်" လို့ ပြောပါတယ်။
"ဒါက တကယ့်ကို အံ့အားသင့်ဖွယ်ကောင်းတဲ့ တစ်နှစ်တာကာလဖြစ်ပြီး ကျွန်တော်တို့ ဒီထက်မက အောင်မြင်မှုတွေ ရယူသွားဖို့ ကြိုးစားနေပါတယ်" လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။
အသက် ၁၉ နှစ်အရွယ်ကစားသမားက ဒတ်ချ်လူမျိုး ဒီလစ်ရဲ့ ၂၀၁၈ ခုနှစ်အောင်ပွဲနောက်ပိုင်း ဒီဆုကိုဆွတ်ခူးနိုင်တဲ့ ပထမဆုံးနောက်ခံလူ ဖြစ်လာခဲ့သလို ၂၀၀၃ ခုနှစ်၊ ဒီဆုကို စတင်မိတ်ဆက်ပြီးနောက် ဒုတိယမြောက်ဆွတ်ခူးနို်ငတဲ့ နောက်ခံလူလည်း ဖြစ်ပါတယ်။
ရိုက်တာသတင်းဌာနနဲ့တွေ့ဆုံချိန် ကူဘာစီက "နောက်ခံလူတွေအတွက် အသိအမှတ်ပြုခံရဖို့ဆိုတာ ပိုမိုခက်ခဲပါတယ်။ ကျွန်တော်တို့အပေါ် လူတွေရဲ့အာရုံစိုက်မှု သိပ်မရှိတတ်ပါဘူး" လို့ ပြောပါတယ်။
"ကျွန်တော်တို့ လုပ်ဆောင်ရတဲ့အရာတွေက သိပ်ပြီးထင်ထင်ရှားရှားမဖြစ်နေတာမျိုးလည်း ပါကောင်းပါနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဆုံးမှာ တိုက်စစ်မှူးတွေသာ ဂိုးတွေ အများကြီးသွင်းတယ်၊ ဂိုးတွေ ဖန်တီးတယ်၊ ပိုပြီး စွဲဆောင်မှုရှိတဲ့ ကစားဟန်မျိုးကို ပြသကြလို့ လူတွေရဲ့အမြင်ကို ရယူနိုင်လေ့ရှိပါတယ်" လို့ ဆိုပါတယ်။
ဒီနှစ်၊ မြောက်အမေရိကမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း စပိန်အသင်းရဲ့ချန်ပီယံခရီးလမ်းမှာ ပေးဂိုးတစ်ဂိုးတည်းသာ ခွင့်ပြုပေးခဲ့ရပါတယ်။
ဒါကြောင့် ကူဘာစီက ၂၀၂၁ ခုနှစ်နောက်ပိုင်း ဒီဆုကို ရယူနိုင်ခဲ့ဖူးတဲ့ ဘာစီလိုနာအသင်းဖော်တွေဖြစ်ကြတဲ့ ယာမယ်လ်၊ ဂါဗီနဲ့ ပက်ဒရီတို့ရဲ့မှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။
ရီးရဲလ်မက်ဒရစ်နဲ့ ဆွီဒင်တိုက်စစ်ကစားသမား ဖယ်လီစီယာရှရိုဒါကတော့ Golden Girl ဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။