ရိုးမားကို စိတ်လှုပ်ရှားဖွယ်အနိုင်ယူပြီးနောက် သရဲနီအသင်းသားတွေကို စိတ်ဓါတ်မြှင့်တင်ပေးလိုက်တဲ့ ဘရူနိုဖာနန်ဒက်စ်
ချန်ပီယံလိဂ်မှာ ရိုးမားကို နှစ်ဂိုးပြတ်ရှုံးနိမ့်နေတဲ့အခြေအနေမှ ပြန်လည်အနိုင်ယူခဲ့တဲ့ ရလဒ်ပိုင်းကြောင့် မန်ချက်စတာယူနိုက်တက်ရဲ့ဘောလုံးရာသီ အကောင်းဘက်ဆီ ဦးတည်သွားနိုင်တယ်လို့ ဘရူနိုဖာနန်ဒက်စ်က ပြောကြားခဲ့ပြီး ဖိအားတွေနဲ့ရင်ဆိုင်နေရတဲ့ နည်းပြမိုက်ကယ်ကာရစ်နဲ့ သူ့အကြား ဆက်ဆံရေးအခြေအနေနဲ့ပတ်သက်လို့ မုသားစကားတွေထွက်ပေါ်လာမှုကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်တုံ့ပြန်ခဲ့ပါတယ်။
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ စိတ်ပျက်စရာပထမပိုင်းစွမ်းဆောင်ရည်ကြောင့် ၉ ပွဲဆက်နိုင်ပွဲပျောက်ဆုံးမှုစံချိန်ဆိုး ရှည်ကြာသွားတော့မယ့် အန္တရာယ်ရှိနေချိန် ဘရူနိုဖာနန်ဒက်စ်က သရဲနီတွေရဲ့တိုက်ပွဲဝင်လိုစိတ်ကို စတင်ဖော်ဆောင်ပေးခဲ့ပါတယ်။
ပေါ်တူဂီကွင်းလယ်ကစားသမားက ပင်နယ်တီမှတဆင့် ယူနိုက်တက်အတွက် ဗွေဆော်ဦးချေပဂိုးသွင်းယူပေးခဲ့သလို ပွဲချိန်နှောင်းပိုင်းမှာ ကွန်ဟာရဲ့သွင်းဂိုးတွေ ဆက်လက်ပေါ်ထွက်လာခဲ့လို့ အက်သလက်တီကိုမက်ဒရစ်နဲ့ ကိုမိုတို့ကို ရှုံးနိမ့်ပြီးနောက် ယူနိုက်တက်ရဲ့ချန်ပီယံလိဂ်ခရီးစဉ် လမ်းကြောင်းမှန်ဆီ ပြန်လည်ရောက်ရှိလာပါတယ်။
Amazon Prime ဆီ ဘရူနိုဖာနန်ဒက်စ်က "ပရိသတ်တွေလည်း ပွဲစဉ်တွေကို အနိုင်ရစေချင်ကြပါတယ်။ သူတို့က ဒီကလပ်အသင်းကို ဆုဖလားတွေ ရယူနေတာ၊ သီတင်းပတ်တိုင်း နိုင်ပွဲတွေရနေတာကိုပဲ မြင်တွေ့နေကျဖြစ်လို့ ကလပ်အသင်းရဲ့အခုလိုမျိုးအခြေအနေအတွက် အရမ်းစိတ်ပျက်နေကြပါလိမ့်မယ်"
"ဒါပေမဲ့ လက်ရှိအခြေအနေအပေါ်မှာ ကျွန်တော်တို့အားလုံးလည်း စိတ်ပျက်နေကြတယ်ဆိုတာကို လူတိုင်း သိစေချင်ပါတယ်။ ကျွန်တော်တို့အားလုံး ဒီအခြေအနေအောက်မှ ရုန်းထွက်ချင်ကြပြီး ဒီနေ့နိုင်ပွဲကြောင့် ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့အရာတစ်ခုစတင်မှု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ပြောပါတယ်။
ကိုမိုကိုရှုံးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီး ကာရစ်ရဲ့နည်းဗျူဟာပိုင်းအပေါ် ဝေဖန်ခဲ့တဲ့ ဖာနန်ဒက်စ်က အိမ်ကွင်းမှာ ဘုန်းမောက်ကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်နဲ့ လွဲချော်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီ၊ ပရီးမီးယားလိဂ်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုရှင်က ချဲလ်ဆီးကို အရေးနိမ့်ခဲ့တဲ့ စနေနေ့ပွဲစဉ်မှာတော့ အသင်းနဲ့အတူ ပြန်လည်ပါဝင်လာခဲ့ပြီး ဒီရှုံးနိမ့်မှုကြောင့် ယူနိုက်တက်လည်း တန်းဆင်းဇုန်ဖိအားနဲ့ ရင်ဆိုင်လာရပါတယ်။
ဆက်လက်ပြီး ဘရူနိုဖာနန်ဒက်စ်က "ဒါ ခက်ခဲတဲ့ ကာလတစ်ခု ဖြစ်ခဲ့ပါတယ်။ မီဒီယာတွေမှာ ထင်ကြေးပေးမှုတွေ အများကြီး ရှိခဲ့သလို ကျွန်တော်နဲ့ နည်းပြအကြား ဒီကလပ်မှာ ဖြစ်ပျက်ခဲ့တဲ့အရာများစွာနဲ့ပတ်သက်လို့ မုသားတွေလည်း အများကြီးထွက်ပေါ်ခဲ့ပါတယ်"
"ကျွန်တော်ခြေစွမ်းမပြနိုင်ခဲ့လို့ နည်းပြက ကျွန်တော့်ကို အရန်ခုံထိုင်ခိုင်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒါ တရားမျှတပါတယ်။ ကျွန်တော်ပြောခဲ့တဲ့စကားတွေအတွက် ပြစ်ဒဏ်ပေးတာလို့ လူတိုင်း ထင်မြင်ခဲ့ကြပြီး အကယ်၍ အဲဒီလိုဖြစ်ရင်တောင် ဒါက မှန်ကန်ပါတယ်။ နည်းပြဆိုတာ ဆုံးဖြတ်ချက်ချမှတ်ရသူဖြစ်လို့ ကျွန်တော်လည်း ဒီဆုံးဖြတ်ချက်ကို လက်ခံရပါမယ်"
"ဒီအခြေအနေနဲ့အတူ ကျွန်တော် ရှေ့ဆက်သွားရပါမယ်။ ဒါက နည်းပြ၊ နည်းပြအဖွဲ့ဝင်တွေနဲ့ ဒီကလပ်မှာရှိတဲ့ ကစားသမားတိုင်းအပေါ် ကျွန်တော့်မှာရှိတဲ့ ယုံကြည်မှုကို မပြောင်းလဲစေပါဘူး" လို့ ပြောပါတယ်။
ရိုးမားနဲ့ပွဲစဉ်အနိုင်ရလဒ်ကြောင့် ယူနိုက်တက်ရဲ့ဘောလုံးရာသီခရီးလမ်းအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်လာသင့်သလားဆိုတဲ့ မေးခွန်းကို ဘရူနိုဖာနန်ဒက်စ်က "အဲဒီလို ဖြစ်သင့်ပါတယ်" လို့ ပြန်ဖြေကြားခဲ့ပါတယ်။