လီဗာပူးနဲ့ရင်ဆိုင်ရမယ့် ထူးခြားလှတဲ့ ပွဲစဉ်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ဖီနာဘာချီယာယီနည်းပြ ကူရစ်
လီဗာပူးတိုက်စစ်မှူးဟောင်းကူရစ်က ဖီနာဘာချီအသင်းကို တာဝန်ယူထားချိန် ဗုဒ္ဓဟူးနေ့ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ကလပ်အသင်းဟောင်းနဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်မှာ သစ္စာတရားကို နှစ်ပိုင်းခွဲထားရမယ့် အခြေအနေမျိုး ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်၊ တူရကီစူပါလိဂ်ကလပ်မှ အစ္စမေးလ်ကာတယ်လ် နုတ်ထွက်သွားပြီးနောက် ကူရစ်က ဖီနာဘာချီရဲ့ယာယီနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
ကာတယ်လ်ရဲ့လက်ထောက်နည်းပြတာဝန်ယူခဲ့တဲ့ အသက် ၄၆ နှစ်အရွယ်ဒတ်ချ်လူမျိုးက အစ္စတန်ဘူလ်ဆီ လီဗာပူးရောက်ရှိလာချိန် အများရဲ့အာရုံစိုက်မှုတွေကို ရရှိလာပါတယ်။
ကူရစ်က ၂၀၀၆ ခုနှစ်မှ ၂၀၁၂ ခုနှစ်အတွင်း လီဗာပူးရဲ့တိုက်စစ်ပိုင်းမှာ မမောမပန်းပါဝင်ကစားပေးခဲ့ပြီး လိဂ်ဖလားတစ်ကြိမ် ဆွတ်ခူးခဲ့သလို ချန်ပီယံလိဂ်နဲ့ အက်ဖ်အေဖလားပြိုင်ပွဲတွေမှာလည်း ဒုတိယနေရာ ရပ်တည်ခဲ့ဖူးပါတယ်။
ဖီနာဘာချီကို တာဝန်မယူခင် သူက အေဒီအိုဒန်ဟတ်ဂျ်၊ ဘီယာချော့နဲ့ ဒေါ့ဒရက်ချ်အသင်းတို့ကို နည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။
လီဗာပူးအပေါ် သံယောဇဉ်ရှိပေမဲ့လည်း အီရာအိုလာရဲ့အသင်း အံ့အားသင့်ဖွယ်ရှုံးနိမ့်သွားစေဖို့အတွက် ကူရစ်က သူ့မှာရှိတဲ့ အစွမ်အစမှန်သမျှကို အသုံးချသွားပါလိမ့်မယ်။
အင်္ဂါနေ့သတင်းစာရှင်းလင်းပွဲမှာ ကူရစ်က "မဲခွဲမှု ပြီးဆုံးသွားတာနဲ့ ကျွန်တော် အရမ်း ရင်ခုန်စိတ်လှုပ်ရှားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဖီနာဘာချီနဲ့ လီဗာပူးဆိုတာ ကျွန်တော့်အတွက် ဘယ်လောက်အဓိပ္ပါယ်ရှိသလဲဆိုတာကို လူတိုင်းသိကြပြီး ဒါက ထူးခြားတဲ့ပွဲစဉ်တစ်ခု ဖြစ်လာလိမ့်မယ်ဆိုတာ သိထားပြီးသားပါ"
"မနက်ဖြန်ပွဲစဉ်က ကျွန်တော့်အတွက် အရမ်းထူးခြားတဲ့ပွဲစဉ်တစ်ခု ဖြစ်လာဖို့ သေချာနေပေမဲ့ ကျွန်တော်တို့ရောက်ရှိနေတဲ့အခြေအနေအရ ကျွန်တော့်ကိုယ်ကျွန်တော် လွှတ်ထားပေးလို့ မရပါဘူး"
"ဒီထက်မက ပိုမိုထိုက်တန်တဲ့ ပရိသတ်တွေအတွက် တုံ့ပြန်မှုတစ်ခု၊ အပြုသဘောဆောင်တဲ့ စွမ်းအင်နဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တစ်ခုကို ပြသနိုင်ဖို့ ကလပ်အသင်းအတွက် ကျွန်တော် ဒီမှာ ရှိနေပြီး ဒါကပဲ အရေးအကြီးဆုံးအချက် ဖြစ်ပါတယ်" လို့ ပြောပါတယ်။
ဖီနာဘာချီက ပြိုင်ပွဲစုံ နောက်ဆုံးငါးပွဲအနက် တစ်ပွဲသာ အနိုင်ရရှိထားပါတယ်။
ပြီးခဲ့တဲ့လ၊ ချန်ပီယံလိဂ်ပွဲစဉ်မှာတော့ အက်စတွန်ဗီလာကို ၆-၀ ဂိုးဖြင့် အပြတ်အသတ်ရှုံးနိမ့်ခဲ့လို့ လီဗာပူးရဲ့အလည်အပတ်ခရီးစဉ်က ကူရစ်နဲ့ သူ့အသင်းသားတွေအတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပါတယ်။
လီဗာပူးအပေါ်အပူတပြင်းဖိအားပေးဖို့ ဖီနာဘာချီရဲ့ဆူညံလွန်းလှတဲ့ အိမ်ကွင်းပရိသတ်တွေဆီ တိုက်တွန်းရင်း ကူရစ်က "လီဗာပူးဆိုတာ အံ့သြဖွယ်ကောင်းတဲ့ ကလပ်အသင်းတစ်ခုပါ။ ဒါပေမဲ့ ဖီနာဘာချီလည်း အလားတူပါပဲ။ အကယ်၍ မနက်ဖြန်မှာ ကျွန်တော်တို့ရော၊ ပရိသတ်တွေပါ စွမ်းအားအပြည့်အ၀ထုတ်ပြနိုင်မယ်ဆိုရင် ဖီနာဘာချီ ဘယ်လောက်ကြီးကျယ်ခမ်းနားသလဲဆိုတာကို ဥရောပတခွင် အမှန်တကယ် မြင်တွေ့သွားပါလိမ့်မယ်။
"ကျွန်တော်တို့ဆီမှာ တကယ်ကောင်းတဲ့ကစားသမားတွေ ရှိပေမဲ့ စွမ်းဆောင်ရည်ကို ထုတ်ပြဖို့ လိုအပ်ပြီး မနက်ဖြန်မှာ ကောင်းမွန်တဲ့စွမ်းအင်၊ စိတ်အားထက်သန်မှုတွေနဲ့အတူ အကောင်းဆုံးယှဉ်ပြိုင်နိုင်မယ်ဆိုရင် ထူးခြားတဲ့ ညချမ်းတစ်ခု ဖြစ်လာမယ်လို့ ကျွန်တော် ထင်ပါတယ်" လို့ ပြောပါတယ်။