ဂျာမနီလက်ရွေးစင်အသင်းနဲ့အတူ ဆုဖလားအောင်မြင်မှုတွေ ရယူသွားလိုတဲ့ ယာဂန်ကလော့ပ်
ဂျာမနီလက်ရွေးစင်အသင်းနည်းပြယာဂန်ကလော့ပ်က သူတာဝန်ယူနေချိန်အတွင်း ဆုဖလားတွေ ရယူပေးနိုင်မယ်လို့ ဂျာမန်ပြည်သူတွေဆီ ကတိကဝတ်မပြုချင်ဘူးလို့ ပြောကြားခဲ့ပါတယ်။
အသက် ၅၉ နှစ်အရွယ်နည်းပြကြီးက ကတိတွေ လွယ်လွယ်မပေးချင်ပေမဲ့ သူ့ရဲ့လက်အောက်မှာ ဂျာမနီအသင်း ဆုဖလားတွေ ရယူလိုစိတ်ရှိတယ်ဆိုတာကို သေချာပေါက် ပြသနိုင်စေရမယ်လို့ ပြောကြားခဲ့ပါတယ်။
မိန့်ဇ်၊ ဒေါ့မွန်နဲ့ လီဗာပူးတို့မှာ အောင်မြင်မှုတွေ ရယူခဲ့ဖူးတဲ့ ယာဂန်ကလော့ပ်က "ကျွန်တော်ပေးနိုင်တဲ့ ကတိတစ်ခုကတော့ ကျွန်တော်တို့ သေချာပေါက် အစွမ်းကုန် ကြိုးစားသွားမယ်ဆိုတာပါပဲ။ ကျွန်တော်တို့ဆီမှာ အခြားနိုင်ငံတွေထက် ကစားသမားအရည်အသွေး နိမ့်ကျနေတယ်ဆိုတဲ့ အမြင်တစ်ခု ရှိနေပါတယ်။
အရာရာအဆင်မပြေဖြစ်နေတဲ့အခါ အနီးကပ်သေချာစောင့်ကြည့်လေ့လာပြီး အပြောင်းအလဲတွေ လုပ်ဆောင်နိုင်ဖို့ ကြိုးစားရပါတယ်။ ဒါက လက်ရှိမှာ ကျွန်တော်တို့ လုပ်ဆောင်နေတဲ့ အရာပါပဲ" လို့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။
"ပွဲတိုင်းမှာ အနိုင်ရနိုင်မယ့် အခွင့်အရေးကောင်းတွေ ရရှိဖို့အတွက် ကျွန်တော်တို့ရဲ့စိတ်ကို အပြည့်အဝနှစ်မြှုပ်ကစားချင်ပါတယ်။ ကျွန်တော်တို့ရဲ့ကစားပုံ အနည်းငယ်အသားကျအောင် ချိန်ညှိသွားဖို့ပဲ လိုအပ်ပါတယ်။
ကျွန်တော်တို့တွေ ဒီထက်ပိုပြီး မြန်ဆန်ဖို့ လိုအပ်သလို အပြောင်းအလဲတချို့ပြုလုပ်ဖို့လည်း လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒါကို စတင်လုပ်ဆောင်နေပါပြီ။ မနက်ဖြန်ပွဲစဉ်မှာ ဘာတွေဖြစ်လာမလဲ စောင့်ကြည့်သွားရဖို့ရှိပြီး မြင်တွေ့ရလိမ့်မယ်လို့လည်း မျှော်လင့်ပါတယ်" လို့ သူက ထပ်လောင်းပြောကြားခဲ့ပါတယ်။
ဂျာမနီလက်ရွေးစင်နည်းပြဘ၀၊ ကလော့ပ်အတွက် ပထမဆုံးစမ်းသပ်မှုအဖြစ် ဒီည၊ ဂျိုဟန်ခရိုက်ဖ်ကွင်းမှာ နယ်သာလန်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရပါမယ်။