တော့တင်ဟမ်ကို အနိုင်ယူပြီးနောက် သူလိုချင်တဲ့ပုံစံနဲ့ လီဗာပူးအသင်း နီးစပ်လာပြီလို့ အီရာအိုလာ ယုံကြည်နေ
လီဗာပူးနည်းပြအန်ဒိုနီအီရာအိုလာက တော့တင်ဟမ်ကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်အပြီး သူရဲ့နည်းစနစ်ပိုင်းဆိုင်ရာကစားကွက်တွေနဲ့ သူ့ရဲ့အသင်း အသားကျလာပြီလို့ ယုံကြည်နေပါတယ်။
မက်အယ်လစ္စတာနဲ့ ဂတ်ပိုတို့ရဲ့သွင်းဂိုးတွေကြောင့် လီဗာပူးတို့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ တော့တင်ဟမ်အတွက် ဂလယ်ဟာ ချေပဂိုးပြန်သွင်းယူခဲ့လို့ ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာ အနည်းငယ်တင်းမာမှု ရှိခဲ့ပါတယ်။
ဒါပေမဲ့ အရန်ခုံမှတဆင့် လူစားဝင်လာတဲ့ ဆိုဘိုဆလိုင်းရဲ့ နာကျင်အချိန်ပိုအံ့ဖွယ်သွင်းဂိုးကြောင့် လီဗာပူးက ထိုက်တန်တဲ့နိုင်ပွဲနဲ့အတူ ကာရာဘောင်ဖလားစတုတ္ထအဆင့်ဆီ တက်လှမ်းသွားပါတယ်။
ပွဲစဉ်အပြီး ITV Sport နဲ့တွေ့ဆုံချိန် အီရာအိုလာက သူ့အသင်းရဲ့ကြိုးစားအားထုတ်မှုကို ကျေနပ်မိသလို ဒီကစားသမားတွေဆီမှ သူလိုချင်တဲ့အရာတွေနဲ့ ကစားသမားတွေ အသားကျလာနေပြီလို့ ယုံကြည်နေပါတယ်။
အီရာအိုလာက "ပွဲစဉ်မှာ မတူညီတဲ့အခြေအနေတွေ ရှိခဲ့တယ်လို့ ထင်ပါတယ်" လို့ ပြောပါတယ်။
"ကျွန်တော်တို့ အပြင်းအထန်ဖိအားပေးကစားခဲ့ပြီး ဦးဆောင်ဂိုးတွေ ရရှိခဲ့ပေမဲ့ ဦးဆောင်ပြီးတဲ့နောက်မှာတော့ သူတို့က ကျွန်တော်တို့ရဲ့ဧရိယာအနီးဆီ ရောက်လာခဲ့ကြပြီး ပြစ်ဒဏ်ဘောတွေမှတဆင့် ကျွန်တော်တို့ ရုန်းကန်ရအောင် လုပ်ဆောင်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့လည်း အကောင်းဆုံးလုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်"
"ဒီနေ့ရဲ့အခိုက်အတန့်ကောင်းတွေမှာ အသင်းရဲ့စွမ်းအင်နဲ့ လူတိုင်းကြိုးစားအားပေးကစားခဲ့တာကို ကျွန်တော် ခံစားမိပါတယ်။ ဒါက ကျွန်တော်တို့လိုချင်တဲ့ပုံစံနဲ့ အတော်လေး နီးစပ်ခဲ့ပါတယ်" လို့ ဆက်ပြောပါတယ်။
လာမယ့်သီတင်းပတ်ကုန်၊ ဘုန်းမောက်ကွင်းဆီ သွားရောက်ရင်ဆိုင်ရမယ့်ကိစ္စနဲ့ပတ်သက်လို့ အီရာအိုလာက "ဒီပွဲစဉ် အရမ်းခက်ခဲမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဘောလုံးရာသီတစ်ခုမှာ သူတို့ ဘယ်လောက်အထိ မရှုံးနိမ့်ခဲ့ဖူးလဲဆိုတာ မြင်နိုင်သလို သွားရောက်ယှဉ်ပြိုင်ကစားဖို့အတွက်လည်း အလွန်ခက်ခဲတဲ့ ကွင်းတစ်ခု ဖြစ်ပါတယ်။ အဲ့ဒီမှာ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့အားလုံး အလွန်ကောင်းမွန်နေဖို့ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။