ဗင်နီစီးယက်စ်ရဲ့အကောင်းဆုံးပုံစံကို မြင်တွေ့ရဖို့ စောင့်မျှော်နေတဲ့ ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟို
ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက တိုက်စစ်ကြယ်ပွင့် ဗင်နီစီးယက်စ်ရဲ့ခြေစွမ်းပိုင်းကျဆင်းနေမှုနဲ့ပတ်သက်လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။
အသက် ၂၆ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့နွေရာသီကာလအတွင်း အာဆင်နယ်ဆီ ပြောင်းရွှေ့ဖို့ အံ့အားသင့်ဖွယ် သတင်းထွက်ပေါ်ခဲ့ပေမဲ့ နောက်ဆုံးမှာတော့ ရီးရဲလ်မက်ဒရစ်မှာ ဆက်နေပြီး စာချုပ်သစ်ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ဗင်နီစီးယက်စ်က အခုရာသီ၊ အသင်းအတွက် ဂိုးဖန်တီးမှုအများဆုံးကစားသမား(၃ ကြိမ်)အဖြစ် ရပ်တည်နေပေမဲ့ ပြိုင်ပွဲစုံခြောက်ပွဲကစားပြီးချိန် တစ်ဂိုးသာသွင်းယူထားနိုင်သေးလို့ သူ့ရဲ့အကောင်းဆုံးပုံစံဆီ မရောက်ရှိသေးပါဘူး။
ပြီးခဲ့တဲ့သီတင်းပတ်၊ အင်တာမီလန်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိတဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲစဉ်မှာလည်း သူ့ကို ဘာနေဗျူးပရိသတ်တွေကိုယ်တိုင် လှောင်ပြောင်အော်ဟစ်ခဲ့ကြပါတယ်။
အခုလိုအခြေအတင်ဖြစ်စရာကိစ္စတွေ ရှိနေပေမဲ့လည်း မော်ရင်ဟိုကတော့ ဘရာဇီးတိုက်စစ်မှူးရဲ့ကြိုးစားအားထုတ်မှုကို ကျေနပ်အားရနေပါတယ်။
အယ်လ်ချီနဲ့ရင်ဆိုင်ရမယ့် လာလီဂါပွဲစဉ်မတိုင်ခင် မော်ရင်ဟိုက "ဗင်နီစီးယက်စ်ရဲ့ အကောင်းဆုံးပုံစံဆိုတာ ဂိုးတွေ သွင်းယူနိုင်တာပါပဲ" လို့ ပြောပါတယ်။
"ဂိုးဖန်တီးပေးနိုင်တယ်ဆိုတာ အရေးကြီးသလို အသင်းအတွက် အလုပ်လုပ်ပေးတာလည်း အရမ်းအရေးကြီးပါတယ်။ အသင်းအပေါ် စိတ်နှစ်မြှုပ်ထားမှု၊ စည်းလုံးညီညွတ်မှုနဲ့ အသင်းလိုက်ကစားပုံတွေက အလွန်အရေးပါပါတယ်"
"နေ့စဉ်လေ့ကျင့်ရေးအလုပ်တွေလည်း အရမ်းအရေးကြီးပြီး သူက ဒါကို အလွန်ကောင်းမွန်စွာ လုပ်ဆောင်နေပါတယ်။ ဒါပေမဲ့ နောက်ထပ်ဗင်နီစီးယက်စ်တစ်ဦးလည်း ရှိပါသေးတယ်"
"ပြီးခဲ့တဲ့ရာသီတုန်း၊ လစ္စဘွန်းဆီ ရောက်လာတဲ့ ဗင်နီစီးယက်စ်ပုံစံမျိုးပေါ့။ အကြိတ်အနယ်ပွဲစဉ်တွေ၊ အထူးသဖြင့် ရှုံးထွက်အဆင့်ပွဲစဉ်နှစ်ခုလုံးမှာ အခွင့်အရေးရတာနဲ့ ဂိုးသွင်းယူပြတဲ့ ဗင်နီစီးယက်စ်လို ပုံစံမျိုးပါ။ အခုနောက်ပိုင်းမှာ သူက အဲ့ဒီလိုထိပ်တန်းစွမ်းဆောင်ရည်မျိုး ပြသဖို့ လိုအပ်နေဆဲဖြစ်ပေမဲ့ ကျွန်တော်ကတော့ သူ့အတွက် ကျေနပ်မိပါတယ်" လို့ ဆိုပါတယ်။