ပင်ပန်းနွမ်းလျနေတဲ့ လီဗာပူးကစားသမားတွေအတွက် ပွဲကျပ်တွေနဲ့ အသားကျအောင် ကြိုးစားရလိမ့်မယ်လို့ အီရာအိုလာပြောဆို
ယမန်နေ့၊ ဖူလ်ဟမ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ အိမ်ကွင်းပရီးမီးယားလိဂ်ပွဲစဉ်အပြီး အန်ဒိုနီအီရာအိုလာက လီဗာပူးအသင်းမှာ ပင်ပန်းနွမ်းလျမှုဒဏ်ကို သိသိသာသာ ခံစားခဲ့ရတယ်လို့ ပြောကြားခဲ့ပေမဲ့ ကစားသမားတွေကိုယ်တိုင် ကျပ်တည်းလှတဲ့ ပွဲစဉ်ဇယားနဲ့ အသားကျအောင် လုပ်ဆောင်ရလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်အဖြစ် အက်သလက်တီကိုမက်ဒရစ်ကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိပြီး သုံးရက်မပြည့်ခင်မှာတင် ကြိုးကြာနီတွေက နည်းပြအာဘီလိုအာလက်အောက် ရာသီအဖွင့်ပရီးမီးယားလိဂ်သုံးပွဲဆက်ရှုံးနိမ့်ထားတဲ့ ဖူလ်ဟမ်ကို အနိုင်မရရှိခဲ့ပါဘူး။
အီရာအိုလာက "ကျွန်တော်တို့ရဲ့ကစားသမားတွေ တကယ် ပင်ပန်းနေကြပါတယ်" လို့ ပြောပါတယ်။ "ဒါကို ကျွန်တော်တို့ ဖုံးကွယ်ထားလို့မရပါဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ပွဲကြီးပွဲကောင်းတစ်ခု ကစားပြီးနောက် ပွဲစဉ်နှစ်ခုအကြား နာရီ ၆၀ ကျော်လောက်ပဲ ကွာဟလို့ အလွန်ဆိုးရွားတဲ့အခြေအနေတစ်ခုလို့ ထင်ပါတယ်"
"ဒီလိုအခြေအနေမျိုးတွေဆိုတာ အခုဘောလုံးရာသီတလျှောက်လုံးမှာလည်း ထပ်ရှိလာပါဦးမယ်။ ဒါကြောင့် ကျွန်တော်တို့က ဒီလိုအခြေအနေတွေနဲ့ အသားကျအောင် လုပ်ဆောင်ရပါလိမ့်မယ်"
"ဒီလိုပွဲစဉ်တွေမှာ တစ်ခါတရံ ပြစ်ဒဏ်ဘောမှဖြစ်စေ၊ အဝေးကန်ချက်မှဖြစ်စေ၊ ဒါမှမဟုတ် တိုက်စစ်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကောင်းမှဖြစ်စေ အနိုင်ရလဒ်ထွက်ပေါ်လာဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဒီနေ့မှာတော့ ဒါမျိုးတွေ ကျွန်တော်တို့ မလုပ်ဆောင်နိုင်ခဲ့ပါဘူး" လို့ ဆိုပါတယ်။
အခုပွဲစဉ်မှာ ပရီးမီးယားလိဂ်ကစားသမားဘ၀ ပထမဆုံးအကြိမ်ပွဲထွက်လာတဲ့ ဘာကိုလာလည်း ခြေစွမ်းမပြသနိုင်သလို ဖလော်ရီယန်ဝစ်ဇ်၊ အီဆက်ခ်နဲ့ မူနော့ဇ်တို့ ပူးပေါင်းထားတဲ့ ပေါင်သန်း ၅၀၀ ဝန်းကျင်တန်ကြေးရှိ လီဗာပူးတိုက်စစ်ပိုင်းအတွက်လည်း အဆင်မပြေတဲ့ နေ့ရက်တစ်ခု ဖြစ်ခဲ့ပါတယ်။
အင်္ဂလန်ချန်ပီယံဆုအကြိမ် ၂၀ တိုင်ရရှိထားဖူးတဲ့ အနီရောင်ကလပ်အသင်းက အီရာအိုလာလက်အောက်မှာ ရှုံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ပေမဲ့ ပရီမီးယားလိဂ်အဖွင့်ပွဲစဉ် လေးခုအပြီး သုံးပွဲအထိ စိတ်ပျက်စရာသရေရလဒ်တွေနဲ့ ကြုံတွေ့ထားရပါတယ်။
"ကျွန်တော်ရောက်ရှိလာပြီးနောက်ပိုင်း တိုက်စစ်ပိုင်းမှာ အဆုံးအဖြတ်ပေးနိုင်ဖို့၊ ဂိုးတွေ သွင်းယူနိုင်ဖို့နဲ့ အခွင့်အရေးတွေ ဖန်တီးဖို့အတွက် ပထမဦးဆုံးအကြိမ် ပြဿနာရှိခဲ့တဲ့နေ့ရက်လို့ ထင်ပါတယ်" လို့ အီရာအိုလာက ထပ်လောင်းပြောကြားခဲ့ပါတယ်။
"ဒါကတော့ ကျွန်တော်တို့ လိုချင်သလောက် အခွင့်အရေးတွေ မဖန်တီးနိုင်ခဲ့ရတဲ့ အဓိက အကြောင်းပြချက်ပါပဲ" လို့ ဆိုပါတယ်။