အီဆက်ရဲ့အားရစရာဘောလုံးရာသီသစ်စတင်နိုင်မှုနောက်ကွယ်မှ အဓိကအချက်ကို လီဗာပူးနည်းပြအီရာအိုလာ ဖွင့်ဟပြောကြား
လီဗာပူးနည်းပြချုပ်အန်ဒိုနီအီရာအိုလာက ၂၀၂၆-၂၇ ဘောလုံးရာသီအစမှာတင် အီဆက် ခြေစွမ်းပြသနိုင်မှုရဲ့လျှို့ဝှက်ချက်ကို ရှင်းလင်းပြောကြားခဲ့ပါတယ်။
လီဗာပူးရဲ့ရာသီအဖွင့်သုံးပွဲကစားပြီးချိန် သုံးဂိုးသွင်းယူထားနိုင်တဲ့ အီဆက်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း သူသွင်းယူခဲ့တဲ့ ကလပ်အသင်းသွင်းဂိုးမှတ်တမ်းကို လိုက်မီသွားခဲ့ပါတယ်။
အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးက အစ်ဆွစ်တောင်းကို ၀-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ သောကြာနေ့ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ပွဲအစကိုးမိနစ်အတွင်းမှာတင် အနိုင်ဂိုးတွေကို သွင်းယူပေးခဲ့လို့ အီရာအိုလာအတွက်လည်း စိတ်ကျေနပ်စရာ ဖြစ်ခဲ့ပါတယ်။
ပွဲစဉ်အပြီး Sky Sports နဲ့ တွေ့ဆုံချိန် အီရာအိုလာက ရာသီသစ်အတွက် ပထမဆုံးအနိုင်ရလဒ်ရရှိမှုအပေါ် ဝမ်းမြောက်နေခဲ့ပြီး အီဆက်ရဲ့အကောင်းဆုံးခြေစွမ်း ထွက်ပေါ်လာဖို့ ဘာတွေလုပ်ဆောင်နေကြသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။
"ပထမဆုံးနိုင်ပွဲရရှိတယ်ဆိုတာ သေချာပေါက်ကောင်းမွန်တဲ့အရာပါ။ ကျွန်တော်တို့အတွက် ဒီနိုင်ပွဲကို မဖြစ်မနေလိုအပ်ခဲ့ပြီး ဂိုးမပေးရအောင်လည်း ကစားနိုင်ခဲ့ပါတယ်" လို့ အီရာအိုလာက ပြောကြားခဲ့ပါတယ်။
"ပွဲကို ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ကြပြီး ပွဲစတင်လာချိန်မှာပဲ ကောင်းကောင်းမွန်မွန်ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ အဲ့ဒီနောက်မှာတော့ ဒုတိယပိုင်းကစားပုံက ကွဲပြားသွားခဲ့ပါတယ်။ ပထမပိုင်းလောက် မကောင်းမွန်ခဲ့ပါဘူး။
အီဆက်ဆိုတာ ကျွန်တော်တို့အတွက် အားကိုးရတဲ့ ကစားသမားတစ်ဦး ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့တောင်းဆိုချက်တွေက သွင်းဂိုးတွေအပေါ်မှာပဲ မမူတည်ပါဘူး။ သူ ကြံ့ခိုင်မှုအပြည့်ရှိပြီး အဆင်သင့်ဖြစ်နေတယ်ဆိုတာ ကျွန်တော် သိပါတယ်။ သူကိုယ်တိုင်လည်း သွင်းဂိုးမှတ်တမ်းတွေ ဖော်ဆောင်ပေးနိုင်ပါလိမ့်မယ်။
သူနဲ့ ကျွန်တော့်အကြား ညှိနှိုင်းရမယ့်အရာက အခြားအခြေအနေတွေမှာ အသင်းကို ဘယ်လိုမျိုး ကူညီပေးရမလဲဆိုတဲ့ အချက်တွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူက လက်ရှိမှာ ဂိုးတွေသွင်းယူပြီး ပွဲစဉ်နှစ်ခုလုံး မိနစ်ပြည့် ပါဝင်ကစားပေးထားနိုင်တယ်ဆိုတာ ကောင်းမွန်တဲ့အချက်ဖြစ်လို့ သူ့ကိုပိုင်ဆိုင်ထားမှုအပေါ် အရမ်းပျော်ရွှင်မိပါတယ်"လို့ စပိန်လူမျိုးနည်းပြက ဆိုပါတယ်။
ဆက်လက်ပြီး အီရာအိုလာက "ဒီနေ့ပွဲစဉ်ပထမပိုင်းမှာ ကျွန်တော်တို့ရဲ့ဖိအားပေးကစားပုံ ပိုပြီး ကောင်းမွန်ခဲ့တယ်လို့ ထင်ပါတယ်၊ အဲဒါကြောင့်ပဲ တိုက်စစ်ပိုင်းအထိ ပိတ်ဆို့ထားနိုင်ခဲ့ပြီး အီဆက်ဆီ ကောင်းမွန်တဲ့အနေအထားတွေမှတဆင့် ဘောလုံး ပေးပို့နိုင်ခဲ့ပါတယ်" လို့ ပြောပါတယ်။
"အကယ်၍ ကျွန်တော်တို့သာ ခံစစ်ပိုင်းအထိ ဆင်းပြီး ဘောလုံး ပြန်လည်လုယူရမယ်ဆိုရင် သူ့ဆီ ဘောလုံးပေးပို့ဖို့ ပိုမိုခက်ခဲသွားနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ကျောနံပါတ် ၉ တိုက်စစ်မှူးအတွက် ဒီနေ့ပွဲစဉ်လိုမျိုး အခြေအနေကောင်းတွေ ပိုင်ဆိုင်နိုင်ဖို့ဆိုတာ အသင်းကစားသမားအားလုံးရဲ့စုပေါင်းကြိုးစားအားထုတ်မှုအပေါ် မူတည်နေပါတယ်" လို့ ရှင်းပြခဲ့ပါတယ်။