The network connection is lost.

Banner Image

ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်ကြောင့် ပရိသတ်တွေကို အယ်လ်ဗာရက်ဇ် မနှုတ်ဆက်ခဲ့တာပါလို့ ရှင်းပြလိုက်တဲ့ ဆီမြွန်နီ

အက်သလက်တီကိုမက်ဒရစ်အသင်းနည်းပြဒီယေဂိုဆီမြွန်နီက ဗီလာရီးရဲလ်နဲ့ တစ်ဖက်နှစ်ဂိုးစီသရေကျခဲ့တဲ့ လာလီဂါပွဲစဉ်အပြီး ပရိသတ်တွေကို နှုတ်ဆက်ဖို့ ပျက်ကွက်ခဲ့တဲ့ အယ်လ်ဗာရက်ဇ်အပေါ် ကာကွယ်ပြောဆိုလိုက်ပါတယ်။

ကစားသမားတစ်ဦးအထုတ်ပယ်ခံထားရတဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းအတွက် ပွဲချိန် ၈၅ မိနစ်မှာ ဂျူလီယာနိုဆီမြွန်နီက ချေပဂိုးသွင်းယူပေးခဲ့လို့ မက်ထရိုပိုလီတာနိုကွင်းအတွင်း အဖိုးတန်တစ်မှတ် ရှာဖွေနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ အဲ့ဒီပွဲစဉ်အတွက် အကြီးမားဆုံးဆွေးနွေးစရာအချက်တစ်ချက်ကတော့ အခုနွေရာသီမှာ ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ဖို့ အသည်းအသန် ကြိုးပမ်းနေခဲ့တဲ့ အသက် ၂၆ နှစ်အရွယ်တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ရဲ့ကွင်းတွင်းဝင်ရောက်လာမှု ဖြစ်ပါတယ်။

ပွဲချိန်နောက်ဆုံး ၂၄ မိနစ်မှာ အယ်လ်ဗာရက်ဇ် ကွင်းတွင်းလူစားလဲဝင်ရောက်လာချိန် အိမ်ကွင်းပရိသတ်တွေရဲ့လှောင်ပြောင်ကန့်ကွက်သံတွေ ထွက်ပေါ်ခဲ့ပါတယ်။

ပွဲစဉ်အပြီးမှာလည်း သူ့ရဲ့အသင်းဖော်တွေက ပရိသတ်တွေဆီသွားရောက်နေချိန် အယ်လ်ဗာရက်ဇ်ကတော့ ဥမင်လိုဏ်ခေါင်းဆီ တိုက်ရိုက်ဝင်ရောက်သွားတဲ့ ရုပ်သံမှတ်တမ်း ထွက်ပေါ်လာခဲ့ပါတယ်။

ပွဲစဉ်အပြီး သတင်းထောက်တွေနဲ့တွေ့ဆုံချိန်မှာတော့ ဆီမြွန်နီက ကစားသမားကိုယ်တိုင်ရဲ့ဆုံးဖြတ်ချက်ထက် ကလပ်အသင်းရဲ့ဆုံးဖြတ်ချက်သာဖြစ်တယ်လို့ အတည်ပြုပြီး အယ်လ်ဗာရက်ဇ်ကို ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။

"ကလပ်အသင်းတာဝန်ရှိသူတွေက အယ်လ်ဗာရက်ဇ်ကို ပွဲကြည့်စင်နဲ့ ပရိသတ်တွေအနား မသွားစေဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ကျွန်တော့်ဆီ ပြောပြခဲ့ပါတယ်" လို့ ဆီမြွန်နီက ဆိုပါတယ်။

"အသင်းက သူ့ကို ကျန်တဲ့အသင်းဖော်တွေနဲ့ သီးခြားခွဲထားဖို့ ဆုံးဖြတ်ချက်ချမှတ်ခဲ့လို့ အဝတ်လဲခန်းဆီ သူကိုယ်တိုင် တိုက်ရိုက်ဝင်ရောက်သွားခဲ့တာပါ" လို့ ဆီမြွန်နီက ထည့်သွင်းပြောကြားခဲ့ပါတယ်။