ယူနိုက်တက်ကိုအပြစ်ပေးခဲ့တဲ့ပွဲစဉ်မှာ ဟားလ်စီးတီးရဲ့ နည်းဗျူဟာပိုင်းအောင်မြင်မှုအပေါ် နည်းပြဂျာကီရိုဗစ် ဝမ်းသာအားရဖြစ်နေ
သြဂုတ် ၂၂ ရက်(စနေနေ့)၊ မန်ချက်စတာယူနိုက်တက်ကို ၂-၀ ဂိုးဖြင့် အံ့အားသင့်ဖွယ် အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အပြီး ဟားလ်စီးတီးအသင်းနည်းပြဆာဂျက်ဂျာကီရိုဗစ်က သူ့အသင်းရဲ့နည်းဗျူဟာပိုင်း စနစ်တကျကစားနိုင်မှုကို ချီးကျူးခဲ့ပါတယ်။
တန်းတက်ဟားလ်စီးတီးအသင်းက ၂၀၁၆-၂၀၁၇ ဘောလုံးရာသီနောက်ပိုင်း ပရီးမီးယားလိဂ်ဆီ ပထမဆုံးအကြိမ်ပြန်လည်ရောက်ရှိချိန် အဖွင့်ပွဲစဉ်မှာပဲ ပြင်းထန်တဲ့စိန်ခေါ်မှုတစ်ခုနဲ့ ရင်ဆိုင်လိုက်ရပါတယ်။
မျှော်လင့်ထားတဲ့အတိုင်းပဲ အခုပွဲစဉ်မှာ ယူနိုက်တက်က ဘောလုံးပိုင်ဆိုင်မှု ၇၂ ရာခိုင်နှုန်း၊ ဂိုးပေါက်တည့်ကန်ချက် ငါးကြိမ် အပါအဝင် ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်၊ ပြိုင်ဘက်ဂိုးဧရိယာအတွင်း ဘောလုံးထိချက် ၄၁ ကြိမ်အထိ ရှိခဲ့ပြီး ပြိုင်ဘက်ကို အသာစီးရယူနိုင်ခဲ့ပါတယ်။။
ဒါပေမဲ့ ဟားလ်စီးတီးက နည်းပြကာရစ်ရဲ့အသင်းထက် ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ခဲ့ပြီး ခံစစ်မှူးအဂျာယီ၊ နိုဘယ်လ်မန်ဒီတို့ရဲ့သွင်းဂိုးတွေနဲ့အတူ နှစ်ဂိုးပြတ်နိုင်ပွဲတစ်ခု ဖော်ဆောင်သွားပါတယ်။
ပွဲစဉ်အပြီး ဘီဘီစီရဲ့ Match of the Day အစီအစဉ်မှာ ဂျာကီရိုဗစ်က အရာအားလုံး စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပြီးနောက် သူ့ရဲ့ဝမ်းသာပီတိဖြစ်မှုကို မဖုံးကွယ်ထားနိုင်ခဲ့ပါဘူး။
"ဒါက ကျွန်တော်တို့အတွက် အဓိပ္ပာယ်အများကြီးရှိပါတယ်။ ကျွန်တော်တို့က စနစ်တကျ ကစားနိုင်ခဲ့ကြပြီး တကယ်ကိုကောင်းမွန်တဲ့ ရလဒ်ပိုင်းလည်း ဖြစ်ပါတယ်။
ကစားသမားတွေက နည်းဗျူဟာပိုင်းအစီအစဉ်အတိုင်း ကစားခဲ့ကြတယ်။ မန်ချက်စတာယူနိုက်တက်လို ပြိုင်ဘက်မျိုးနဲ့ ကစားခဲ့ရလို့ ရုန်းကန်ခဲ့ရပေမဲ့ ပြိုင်ဘက်ကို အကောင်းဆုံး အပြစ်ပေးနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ အတူတကွဖြတ်သန်းလာခဲ့တာ တစ်နှစ် ရှိပါပြီ။ အသင်းမှာ ကစားသမားသစ် သုံးဦး ရှိနေပြီး သူတို့အားလုံး အသင်းတစ်ခုအဖြစ် စုစည်းမှု ရှိခဲ့ကြသလို နောက်ဆုံးမှာတော့ ကျွန်တော်တို့အတွက် အောင်မြင်မှု ရရှိခဲ့ပါတယ်" လို့ ဂျာကီရိုဗစ်က ဆိုပါတယ်။