ရီးရဲလ်မက်ဒရစ်ပစ်မှတ် ဒီအိုမန်ဒီအတွက် ဆွေးနွေးမှုတွေ ပြန်လည်စတင်လိုက်တဲ့ ပီအက်စ်ဂျီ
ပီအက်စ်ဂျီအသင်းတာဝန်ရှိသူတွေက ဒီအိုမန်ဒီရဲ့အပြောင်းအရွှေ့အတွက် လိုက်ပ်ဇစ်အသင်းဆီ နောက်တစ်ကြိမ်ပြန်လည်ဆက်သွယ်လာခဲ့တယ်လို့ L'Équipe သတင်းဌာနရဲ့ ဖော်ပြချက်အရ သိရပါတယ်။
ဒီတောင်ပံကစားသမားကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်အသင်း အပြီးသတ်လုပ်ဆောင်နေချိန်မှာပဲ ပီအက်စ်ဂျီဘက်ကတော့ အခြေအနေကို နောက်ဆုံးတစ်ကြိမ် ပြန်လည်သုံးသပ်ပြီး အပြောင်းအရွှေ့ကို ကြားဖြတ်လုယူဖို့ ကြံစည်လာပါတယ်။
ထူးခြားချက်မှုတစ်ခုအဖြစ် ပြီးခဲ့တဲ့တနင်္ဂနွေနေ့၊ သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ပြောင်းရွှေ့ကြေးအလွန်မြင့်မားနေလို့ ပီအက်စ်ဂျီ လက်လျော့လိုက်ပြီလို့ သိခဲ့ရပေမဲ့ အခုတော့ ပြင်သစ်နဲ့ ဥရောပချန်ပီယံတွေ ပြန်လည်လှုပ်ရှားလာခြင်း ဖြစ်ပါတယ်။
မည်သို့ပင်ဆိုစေကာမူ ချန်ပီယံလိဂ်လက်ရှိချန်ပီယံတွေရဲ့ အခုတစ်ကြိမ်နောက်ဆုံးကြိုးပမ်းမှုက အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားကို ခေါ်ယူဖို့ အတော်လေးနောက်ကျသွားနိုင်ပါတယ်။
အကယ်၍ ရီးရဲလ်မက်ဒရစ်သာ လိုက်ပ်ဇစ်တောင်းဆိုထားတဲ့ အနည်းဆုံးပြောင်းရွှေ့ကြေး ယူရို သန်း ၁၂၀ ကို ပေးချေဖို့ သဘောတူလိုက်မယ်ဆိုရင် ဘွန်ဒက်လီဂါကလပ်အသင်းဘက်က အပြောင်းအရွှေ့ကို လက်ခံသွားမယ်ဆိုတာ သေချာနေပါပြီ။
နောက်ဆုံးရသတင်းတွေအရ ဒီအိုမန်ဒီကလည်း သူငယ်စဉ်ကတည်းက အားပေးခဲ့တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ငါးနှစ်စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူထားပြီးပြီလို့ သိရပါတယ်။