ရာသီသစ်မစခင် မန်စီးတီးကို စွဲချက်တင်ထားတဲ့ အမှုရာချီနဲ့ပတ်သက်လို့ စိုးရိမ်စရာမရှိဘူးလို့ မာရက်စ်ကာပြောဆို
မန်စီးတီးနည်းပြသစ်အန်ဇိုမာရက်စ်ကာက အသင်းအပေါ် စွဲချက်တင်ထားတဲ့ အမှု ၁၃၀ နဲ့ပတ်သက်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်မှာ ပရီးမီးယားလိဂ်က မန်စီးတီးအသင်းကို ၂၀၀၉ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်း ငွေရေးကြေးရေးစည်းမျဉ်းတွေကို ဖောက်ဖျက်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက် ၁၁၅ ခုနဲ့ တရားစွဲဆိုခဲ့ပါတယ်။ အဲ့ဒီနောက်မှာလည်း နောက်ထပ်စည်းကမ်းဖောက်ဖျက်မှုတွေ ထပ်တိုးလာလို့ စုစုပေါင်းစွဲချက် ၁၃၀ အထိ ဖြစ်လာခဲ့ပါတယ်။ ဒါကြောင့် မန်စီးတီးအတွက် ဘယ်လိုဆုံးဖြတ်ချက်မျိုး ထွက်ပေါ်လာမလဲဆိုတာ ပရိသတ်တွေ စောင့်ဆိုင်းနေကြပေမဲ့ သုံးနှစ်ကြာမြင့်လာတဲ့အချိန်အထိ နောက်ဆုံးအတည်ပြုဆုံးဖြတ်ချက် မထွက်ရှိလာပါဘူး။
ဒီစွဲချက်တွေအနက် ငွေရေးကြေးရေးအချက်အလက်အမှန်တွေကို မတင်ပြတာ၊ နည်းပြနဲ့ ကစားသမားတွေအတွက် လစာပေးချေမှုအသေးစိတ်ကို ဖုံးကွယ်ထားတာ၊ ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)ရဲ့ ဘဏ္ဍာရေးဆိုင်ရာမျှတမှုစည်းမျဉ်း (FFP) နဲ့ ပရီးမီးယားလိဂ်ရဲ့ အမြတ်အစွန်းနဲ့ ရေရှည်တည်တံ့မှုဆိုင်ရာစည်းမျဉ်း (PSR) တွေကို ဖောက်ဖျက်တာတွေအပြင် ပရီးမီးယားလိဂ်ရဲ့စုံစမ်းစစ်ဆေးမှုတွေကို ပူးပေါင်ဆောင်ရွက်ခြင်း မရှိတာတွေလည်း ပါဝင်ပါတယ်။
အခုအခြေအနေနဲ့ပတ်သက်လို့ မာရက်စ်ကာကတော့ ဒီစွဲချက်တွေ ရှိနေတာ နှစ်နဲ့ချီကြာမြင့်နေပြီဖြစ်လို့ သူ့အတွက် စိုးရိမ်ပူပန်စရာ မရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
"ကျွန်တော်ပြောနိုင်တဲ့အချက် တစ်ခုပဲ ရှိပါတယ်။ လွန်ခဲ့တဲ့သုံးနှစ်၊ ဖလားသုံးလုံးရရှိခဲ့တဲ့ ဘောလုံးရာသီမှာလည်း ပက်ဂွါဒီယိုလာရဲ့လက်ထောက်အဖြစ် ကျွန်တော် ဒီအသင်းမှာ ရှိနေခဲ့ပါတယ်။ အဲ့ဒီကာလမှာလည်း ဒီစကားတွေပဲ ကြားခဲ့ရပါတယ်" လို့ ချဲလ်ဆီးနည်းပြဟောင်းမာရက်စ်ကာက ဆိုပါတယ်။
"အခု သုံးနှစ်ကြာပြီးချိန်အထိ အခြေအနေတွေ အရင်အတိုင်းပါပဲ၊ ဘာမှ မဖြစ်လာသေးပါဘူး။ ဒါကြောင့် ကျွန်တော်ကတော့ ပုဂ္ဂိုလ်ရေးအရ ဘာမှ မစိုးရိမ်ပါဘူး။ အဖွဲ့အစည်းတစ်ခုလုံးရဲ့အလုပ်လုပ်ပုံကို ကြည့်ရင် သူတို့ ဘယ်လောက်အထိ အလေးအနက်ထားပြီး လုပ်ဆောင်နေလဲ၊ ဆုဖလားတွေနဲ့ အောင်မြင်မှုတွေ ဘယ်လောက်အထိ ယူပေးနိုင်လဲဆိုတာ မြင်နိုင်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
မန်စီးတီးအသင်းဘက်ကလည်း အမှားအယွင်း တစ်စုံတစ်ရာ မလုပ်ဆောင်ထားဘူးလို့ ငြင်းဆိုထားပါတယ်။ ပြီးခဲ့တဲ့လအတွင်း အခုအခြေအနေအပေါ် အသင်းဥက္ကဋ္ဌအယ်လ်မူဘာရက်က ဆုံးဖြတ်ချက် တစ်ခုခုထွက်ပေါ်လာမှသာ အသေးစိတ်ပြောနိုင်မယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။
"အရင်ပြောခဲ့တဲ့အတိုင်းပါပဲ။ အမိန့်မချသေးသရွေ့တော့ သိပ်ပြောလို့ မရသေးပါဘူး။ အဖြေထွက်လာတဲ့တစ်နေ့နေ့မှာ ဒီကိစ္စကို ကျေကျေနပ်နပ်ကြီး အတူတူ ထိုင်ဆွေးနွေးကြတာပေါ့။ အဲဒီအချိန်ကျရင် လွန်ခဲ့တဲ့ သုံးနှစ်တာကာလပတ်လုံး ကျွန်တော် ပြောချင်ခဲ့တဲ့ စကားတွေ အကုန်လုံးကို ပြောပြသွားပါမယ်" လို့ မူဘာရက်က ဇွန်လအတွင်း ESPN နဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပါတယ်။