ဗီနီစီးယပ်စ် ဂျူနီယာကို ရီးရဲလ်မက်ဒရစ်မှာ ရနေတဲ့လစာထက် ပိုပေးဖို့ အာဆင်နယ်အသင်း အသင့်ဖြစ်နေ
သတင်းတွေအရ အာဆင်နယ်အသင်းဟာ စူပါစတား တောင်ပံကစားသမား ဗီနီစီးယပ်စ် ဂျူနီယာကို သူလက်ရှိ ရီးရဲလ်မက်ဒရစ်မှာ ရရှိနေတဲ့ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းထက် ပိုများတဲ့ ပမာဏနဲ့ ကမ်းလှမ်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ The Athletic ရဲ့ ဖော်ပြချက်အရ အာဆင်နယ်ဟာ ရီးရဲလ်မက်ဒရစ် စူပါစတား ဗီနီစီးယပ်စ်ကို ပရီးမီးယားလိဂ်ဆီ ခေါ်ဆောင်လာဖို့အတွက် အားလုံးကို အံ့အားသင့်သွားစေမယ့် ကမ်းလှမ်းမှုတစ်ခုကို စီစဉ်နေတာပါ။ ရီးရဲလ်ကလပ်နဲ့ဖြစ်စေ၊ အသက် ၂၆ နှစ်အရွယ် ကစားသမားနဲ့ဖြစ်စေ ဆွေးနွေးမှုတွေ မစတင်ရသေးပေမဲ့ အာဆင်နယ်အသင်းရဲ့ အုပ်ချုပ်မှုပိုင်းနဲ့ နည်းပြအဖွဲ့ အဆင့်ဆင့်ကတော့ ဒီအပြောင်းအရွှေ့ကို အတည်ပြု သဘောတူထားပြီး ဖြစ်ပါတယ်။
အခုအခါမှာတော့ The Telegraph ရဲ့ ဖော်ပြချက်အရ လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံအသင်းဟာ ဒီအပြောင်းအရွှေ့ ဖြစ်မြောက်လာဖို့အတွက် ငွေကြေးအမြောက်အမြား အသုံးပြုဖို့ အသင့်ဖြစ်နေပါတယ်။ အာဆင်နယ်အနေနဲ့ ဗီနီစီးယပ်စ် လက်ရှိ ရီးရဲလ်မှာ ရနေတယ်လို့ သိရတဲ့ တစ်ပတ်လုပ်ခ ပေါင် ၄ သိန်းထက် ပိုပေးဖို့ ဆန္ဒရှိနေပြီး သူ့ကို အသင်းသမိုင်းတစ်လျှောက် လစာအကောင်းဆုံးရတဲ့ ကစားသမားအဖြစ် ထားရှိသွားမှာ ဖြစ်ပါတယ်။ ဗီနီစီးယပ်စ်ဟာ စပိန်ကလပ်မှာ စာချုပ်သက်တမ်း ၁ နှစ်ပဲ ကျန်တော့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးသွားပြီဖြစ်လို့ စာချုပ်သစ်အတွက် ပြန်လည်ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမဲ့ စာချုပ်ကိစ္စ ကြန့်ကြာနေတာကြောင့် ရီးရဲလ်မက်ဒရစ်အနေနဲ့ တခြားနည်းလမ်းတွေကို စဉ်းစားလာရပြီး ယူရို သန်း ၁၆၀ (ပေါင် ၁၃၆ သန်း) ရရင် ရောင်းထုတ်ဖို့ ဆန္ဒရှိနေတယ်လို့ စပိန်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။