ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှု ရှိနေပေမဲ့ အသင်းမှာပဲ အိုလီစီ ဆက်ရှိနေမယ်လို့ အတည်ပြုလိုက်တဲ့ ဘိုင်ယန်အကြီးအကဲ
ဘိုင်ယန်မြူးနစ် အားကစားဒါရိုက်တာခရစ္စတိုဖာဖရွန်မ်က အခုနွေရာသီမှာ အသင်းမှ အိုလီစီ ထွက်သွားဖို့မရှိဘူးလို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ကစားသမားက ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာပြီးနောက် ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့ပြီး ယမန်နှစ်ဘောလုံးရာသီမှာ အသင်းအတွက် ၅၇ ပွဲကစား၊ ၂၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၂၈ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။
အိုလီစီကို ရီးရဲလ်မက်ဒရစ်က ငွေကြေးအလုံးအရင်းအသုံးပြုကာ ခေါ်ယူမယ်လို့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်း သတင်းတွေ အကြီးအကျယ်ထွက်ပေါ်ခဲ့ပေမဲ့ ဖရွန်မ်ကတော့ ဖြစ်လာနိုင်မယ့်ကိစ္စမျိုး မဟုတ်ပါဘူးလို့ ငြင်းချက်ထုတ်ပါတယ်။
ဖရွန်မ်က "ရီးရဲလ်မက်ဒရစ်ဆီ အိုလီစီ ပြောင်းမယ့်ကိစ္စလား? ဒါက ကျွန်တော်တို့အတွက် ဆွေးနွေးစရာ အကြောင်းအရာ လုံး၀မဟုတ်ပါဘူး။ သူက အခုရာသီမှာလည်း ဘိုင်ယန်မြူးနစ်အတွက် အရေးပါတဲ့အခန်းကဏ္ဍမှ ဆက်ပြီး ပါဝင်သွားပါလိမ့်မယ်" လို့ ပြောကြားခဲ့ပါတယ်။
လတ်တလောမှာ ရီးရဲလ်မက်ဒရစ်ဟာ တောင်ပံကစားသမားသစ် ရှာဖွေဖို့အတွက် လိုက်ပ်ဇစ်ကြယ်ပွင့် ယန်ဒီယိုမန်ဒီဆီ မြှားဦးလှည့်လာပြီး အသက်-၁၉ နှစ်အရွယ်ကစားသမားကို ယူရိုသန်း ၁၂၀ ဖြင့် ခေါ်ယူနိုင်ဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရပါတယ်။