The network connection is lost.

Banner Image

ရာသီသစ်မတိုင်ခင် လက်မှတ်မှောင်ခိုရောင်းချသူ ၄၃၂ ဦးကို ရာသက်ပန်ဘောလုံးပွဲကြည့်ရှုခွင့် ပိတ်ပင်လိုက်တဲ့ လီဗာပူးအသင်း

လီဗာပူးအသင်းက လက်မှတ်မှောင်ခိုရောင်းချသူတွေကို ထိရောက်စွာအရေးယူမှုအဖြစ် လူပေါင်း ၄၀၀ ကျော်ကို တစ်သက်တာပွဲကြည့်ခွင့် ပိတ်ပင်လိုက်ပါတယ်။ အခုသီတင်းပတ်အတွင်းမှာ လီဗာပူးအသင်းက မာဆေးဆိုဒ်ရဲတပ်ဖွဲ့နဲ့ပူးပေါင်းကာ စနစ်တကျလုပ်ကိုင်ဆောင်ရွက်နေတဲ့ လက်မှတ်မှောင်ခိုဂိုဏ်းတွေဆီမှ ပေါင် ၁ ဒဿမ ၂ သန်းကျော်တန်ဖိုးရှိ ပိုင်ဆိုင်မှုတွေကို သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒါက အသင်းအတွက် အံ့အားသင့်စရာကောင်းတဲ့ အရေးယူဆောင်ရွက်မှုတစ်ခုလည်း ဖြစ်ပါတယ်။

ဒီလုပ်ဆောင်ချက်ကို "ပရိသတ်အစစ်အမှန်တွေ ငွေကြေးအလိမ်မခံရဖို့နဲ့ အမြတ်ကြီးစား လက်မှတ်ဝယ်ယူရတာမျိုး မဖြစ်အောင် ကာကွယ်ဖို့" ရည်ရွယ်ထားတယ်လို့ လီဗာပူးအသင်းက ဆိုပါတယ်။ ဒါ့အပြင် ရာဇဝတ်မှုဆိုင်ရာဥပဒေတွေအရ လက်ရှိစစ်ဆေးနေဆဲ အမှုတွေလည်း အများကြီးရှိနေသေးတယ်လို့ သိရပါတယ်။

ရဲအရာရှိကြီး နစ်ဆပ်ဖီးလ်က "ဒါက ပရိသတ်တွေနဲ့ အများပြည်သူအကျိုးအတွက် ကျွန်တော်တို့ ရဲတပ်ဖွဲ့နဲ့ လီဗာပူးအသင်းတို့အကြား အကောင်းဆုံးပူးပေါင်းဆောင်ရွက်မှု ပြယုဂ်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။

"မိမိတို့အသင်းကို လာရောက်အားပေးဖို့ လက်မှတ်ဝယ်ယူရင်းနဲ့ မှောင်ခိုသမားတွေရဲ့ သားကောင်ဖြစ်သွားရတဲ့ ပရိသတ်အစစ်အမှန်တွေကို ကာကွယ်ဖို့ ကျွန်တော်တို့ကတော့ အမြဲတမ်း အရေးယူဆောင်ရွက်သွားပါမယ်" လို့လည်း သူက ဆိုပါတယ်။

လီဗာပူးအသင်းရဲ့အဆိုအရ ၂၀၂၅-၂၀၂၆ ရာသီအတွင်း လူပုဂ္ဂိုလ် ၄၃၂ ဦးကို ရာသက်ပန်ပွဲကြည့်ခွင့် ပိတ်ပင်ခဲ့ပြီး ဒီလူတွေအနက် ၃၈၃ ဦးက အသင်းရဲ့‘All Red’ ပရိသတ်အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

အသင်းက လက်မှတ်ဝယ်ယူဖို့ စာရင်းပေးသွင်းထားမှု ခုနစ်သိန်းနီးပါးကို အသေအချာစစ်ဆေးခဲ့ပြီး အတုအယောင်အဖြစ်ယူဆရတဲ့ စာရင်းပေးသွင်းမှု ၆၇,၆၆၃ ကို ပိတ်ပင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ထပ်စာရင်းပေးသွင်းမှု ၁၂၁,၃၇၉ ခုကိုလည်း အသေအချာ စုံစမ်းစစ်ဆေးနေပြီး အသင်းအတွက် မှောင်ခိုအကြီးအကျယ်နှိမ်နင်းမှုတစ်ခုလည်း ဖြစ်ပါတယ်။

လီဗာပူးအသင်းက အင်္ဂလန်ထိပ်တန်းလိဂ်ရဲ့ လက်မှတ်မှောင်ခိုရောင်းချမှုအပေါ် တားဆီးတဲ့နေရာမှာ ရှေ့ဆောင်လမ်းပြအဖြစ် ရှိနေပါတယ်။ ပရိသတ်တွေကိုယ်တိုင်လည်း တရားမဝင် လက်မှတ်ရောင်းချမှုတွေ ဒါမှမဟုတ် အတုအပလက်မှတ်တွေကို တွေ့ရှိရင် အသင်းဆီ တိုက်ရိုက်ဖြစ်စေ၊ Crimestoppers အဖွဲ့ဆီဖြစ်စေ အမည်မဖော်ဘဲ သတင်းပေးတိုင်ကြားနိုင်ပါတယ်။