The network connection is lost.

Banner Image

ပရိသတ်တွေ မဲပေးရွေးချယ်ထားတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အကောင်းဆုံးအသင်းကို ဖီဖာ ထုတ်ပြန်

ပရိသတ်တွေ ရွေးချယ်တဲ့ ဖီဖာကမ္ဘာ့ဖလား အကောင်းဆုံးအသင်း (Dream Team) မှာ ကိပ်ဗာဒီ ဂိုးသမား ဗိုဇင်ညာနဲ့ နော်ဝေ တိုက်စစ်မှူး အာလင်း ဟာလန်းတို့ ပါဝင်လာခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးဟာ မိမိတို့အသင်းတွေရဲ့ မျှော်လင့်မထားတဲ့ အောင်မြင်မှုတွေမှာ အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာကြောင့် အခုလို ရွေးချယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ကိပ်ဗာဒီအသင်းအတွက် အကောင်းဆုံး လက်စွမ်းပြခဲ့တဲ့ ဗိုဇင်ညာဟာ ဂိုးသမားနေရာအတွက် မဲအရေအတွက် ၃၉.၆ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးက ရပ်တည်ခဲ့ပါတယ်။ ဖီဖာ နည်းပညာအဖွဲ့က ရွေးချယ်တဲ့ ရွှေလက်အိတ်ဆုကို စပိန်ဂိုးသမား အူနိုင်း ဆီမွန်က ရရှိခဲ့ပေမဲ့ ပရိသတ်တွေ ရွေးချယ်တဲ့ အကောင်းဆုံးအသင်းမှာတော့ ဗိုဇင်ညာကပဲ နေရာရခဲ့တာပါ။

အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ဗိုဇင်ညာဟာ ပြိုင်ပွဲမတိုင်ခင် ပေါ်တူဂီ ဒုတိယတန်းကလပ် ချာဗက်စ်အသင်းကနေ ထွက်ခွာခဲ့ပြီးနောက် အသင်းလက်မဲ့ ဖြစ်နေသူပါ။ သူဟာ ကိပ်ဗာဒီအသင်းက ချန်ပီယံဖြစ်လာမယ့် စပိန်အသင်းကို ဂိုးမရှိသရေကစားခဲ့တဲ့ပွဲမှာ ဂိုးပေါက်ကာကွယ်မှု ၇ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ဆုံးဗိုလ်လုပွဲတက်ခဲ့တဲ့ အာဂျင်တီးနားအသင်းနဲ့ ၃၂ သင်းအဆင့်ပွဲစဉ်မှာလည်း အချိန်ပိုအထိ ရောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဟာလန်းကတော့ နော်ဝေအသင်းကို ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့် ရောက်အောင် ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် တိုက်စစ်မှူးနေရာအတွက် မဲ ၂၇.၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။

မန်စီးတီးတိုက်စစ်မှူး ဟာလန်းဟာ ၅ ပွဲကစားရာမှာ ၇ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ ၁၆ သင်းအဆင့်မှာ ၅ ကြိမ်တိုင်တိုင် ချန်ပီယံဖြစ်ဖူးတဲ့ ဘရာဇီးအသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ယူပြီး ပြိုင်ပွဲကနေ ဖယ်ရှားခဲ့ရာမှာလည်း ဟာလန်းက ၂ ဂိုးစလုံးကို သွင်းယူခဲ့တာ ဖြစ်ပါတယ်။ နော်ဝေအသင်းဟာ အင်္ဂလန်နဲ့ပွဲမှာ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာပါ။

သူတို့နှစ်ဦးဟာ အမ်ဘာပေ၊ မက်ဆီနဲ့ ဂျုဒ် ဘယ်လင်ဂမ်တို့လို ကြယ်ပွင့်ကစားသမားတွေနဲ့အတူ အကောင်းဆုံးအသင်းမှာ ပါဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

အသင်းလူစာရင်း-
ဂိုးသမား - ဗိုဇင်ညာ (ကိပ်ဗာဒီ)
နောက်ခံလူများ - ပီဒရို ပေါ်ရို (စပိန်)၊ လီဆန်ဒရို မာတီနက်ဇ် (အာဂျင်တီးနား)၊ ဒါယော့ အူပါမီကာနို (ပြင်သစ်)၊ မာ့ခ် ကူကူရီလာ (စပိန်)
ကွင်းလယ်လူများ - ရိုဒရီ (စပိန်)၊ မိုက်ကယ် အိုလီဆေး (ပြင်သစ်)၊ ဂျုဒ် ဘယ်လင်ဂမ် (အင်္ဂလန်)
တိုက်စစ်မှူးများ - လီယွန်နယ် မက်ဆီ (အာဂျင်တီးနား)၊ အာလင်း ဟာလန်း (နော်ဝေ)၊ ကိုင်လီယန် အမ်ဘာပေ (ပြင်သစ်)