The network connection is lost.

Banner Image

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့တဲ့ သူရဲကောင်းကစားသမား ၁၀ ဦး

ကျွန်တော်တို့အားလုံးက ပရိသတ်တွေအသည်းစွဲဖြစ်စေမယ့် ကစားသမားမျိုးတွေကို အမြဲတမ်းနေရာပေးတတ်ကြပါတယ်။ ဒီလိုကစားသမားမျိုးတွေ ပေါ်ထွက်လာစေဖို့ ကမ္ဘာ့ဖလားပြိုင်ပွဲထက် ပိုကောင်းတဲ့စင်မြင့်ဆိုတာ မရှိတော့ပါဘူး။

"ပရိသတ်အသည်းစွဲ" ဆိုတာ စူပါစတားကြီးတွေလောက် မကျော်ကြားပေမဲ့ အင်အားနည်းပါးနေချိန်မှာတောင် အစွမ်းပြကာ ပရိသတ်တွေရဲ့အားပေးမှုကို တခဏလေးအတွင်း အခိုင်အမာသိမ်းပိုက်ရရှိသွားသူလို့ ဆိုလိုရင်းဖြစ်ပါတယ်။

ကမ္ဘာ့ဖလားသမိုင်းတလျှောက် ဒီလိုကစားသမားမျိုးတွေ အများကြီးရှိခဲ့ပေမဲ့ အခုလို ပြိုင်ပွဲဝင်အသင်း ၄၈ ခုအထိ တိုးမြှင့်ကျင်းပတဲ့ အခိုက်အတန့်မှာတော့ တခါမှမကြားဖူးတဲ့ အသင်းတွေ၊ ကစားသမားတွေဆီမှ အသည်းစွဲဖြစ်စေမယ့် ဇာတ်လမ်းတွေကို ပိုပြီး မြင်တွေ့လာရပါတယ်။

ဒါဆို ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အထင်ရှားဆုံး ပရိသတ်အသည်းစွဲကစားသမားတွေဆိုတာ ဘယ်သူတွေဖြစ်မလဲ? 

၁၀။ ပီကိုလိုပက်စ် (ကိတ်ဗာဒီ)
တကယ့်ကို မယုံနိုင်စရာ ဇာတ်လမ်းလေးပါ။ ဒဗ္ဗလင်မှာ မွေးဖွားခဲ့ပြီး ၂၀၁၇ ခုနှစ်မှစတင်ကာ Shamrock Rovers ကလပ်အသင်းအတွက် ကစားနေသူက ကိတ်ဗာဒီအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲဆီ ရောက်ရှိလာပါတယ်။

ဖခင်ဖြစ်သူကြောင့် ကိတ်ဗာဒီအတွက် ပါဝင်ကစားခွင့်ရရှိတဲ့ လိုပက်စ်က ၂၀၁၉ ခုနှစ်ကတည်းက လက်ရွေးစင်ကစားသမား ဖြစ်လာခဲ့ပါတယ်။ အစောပိုင်းမှာတော့ လက်ရွေးစင်အသင်းမှ သူ့ဆီ ပေးပို့လာတဲ့ စာတွေကို အမှိုက်သရိုက်တွေလို့ထင်မှတ်ပြီး လျစ်လျူရှုထားခဲ့ပါတယ်။

အခုတော့ ဒါ အစစ်အမှန်ဆိုတာ သိသွားလို့ သူ တကယ်ဝမ်းသာနေပါလိမ့်မယ်။ ဒီဗဟိုနောက်ခံလူက ကိတ်ဗာဒီရဲ့ အံ့အားသင့်ဖွယ်ကမ္ဘာ့ဖလား ၃၂ သင်းရှုံးထွက်အဆင့်ခရီးစဉ်တလျှောက် ပါဝင်ခဲ့ပြီး အာဂျင်တီးနားကို အချိန်ပိုအထိ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ပါတယ်။ အခုတော့ သူက Shamrock Rovers အသင်းနဲ့အတူ ချန်ပီယံလိဂ်ခြေစစ်ပွဲတွေ ပြန်ကစားနေပါပြီ။

၉။ အီလီယက်ဂျက်စ် (နယူးဇီလန်)
ဂျက်စ်က ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း နယူးဇီလန်အတွက် သုံးဂိုး သွင်းယူပေးခဲ့ပါတယ်။ ဒါက သူ့နိုင်ငံရဲ့အတိတ်ကာလကမ္ဘာ့ဖလားသွင်းဂိုးအရေအတွက်ထက်တောင် ပိုများနေပါသေးတယ်။

Motherwell အသင်းတောင်ပံကစားသမားက အီရန်နဲ့ပွဲစဉ်မှာ နှစ်ဂိုးသွင်းခဲ့သလို ဘယ်လ်ဂျီယံနဲ့ အုပ်စုနောက်ဆုံးပွဲမှာလည်း ချေပဂိုးသွင်းယူခဲ့ပါတယ်။ "အပြောင်းအရွှေ့ကိစ္စကတော့ ကျွန်တော့်အေးဂျင့်ရဲ့ အလုပ်ပါ၊ သူ အလုပ်များနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ ဂျက်စ်က ဆိုပါတယ်။ လက်ရှိမှာ စကော့တလန်ထိပ်သီးတွေဖြစ်တဲ့ ဆဲလ်တစ်နဲ့ ရိန်းဂျားစ်တို့က သူ့ကို မျက်စိကျနေကြပါတယ်။

၈။ အီလွိုင်းရွန်းမ် (ကူရာကာအို)
ဂိုးသမားတွေဆိုတာ ပရိသတ်အသည်းစွဲ ဖြစ်လာလေ့ရှိပါတယ်။ ကူရာကာအိုအသင်းရဲ့ ပွဲဦးထွက်ဖြစ်တဲ့ ဂျာမနီနဲ့ရင်ဆိုင်ရချိန်မှာ ခုနစ်ဂိုးအထိ ပေးလိုက်ရလို့ အခုလိုပရိသတ်အသည်းစွဲဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှ မထင်ထားခဲ့ကြပါဘူး။ ဒါပေမဲ့ အီကွေဒေါနဲ့ပွဲစဉ်မှာတော့ သူက မိနစ် ၉၀ ကြာ ကမ္ဘာ့ဖလားပွဲစဉ်တစ်ခုအတွင်း ဂိုးပေါင်းကာကွယ်မှုအများဆုံးစံချိန်အဖြစ် ၁၅ ကြိမ်တိတိ ကာကွယ်ပြခဲ့ပါတယ်။ ဒီလိုစွမ်းဆောင်မှုကြောင့်ပဲ ကူရာကာအိုအသင်းက ပထမဆုံးကမ္ဘာ့ဖလားအမှတ်ကို ရရှိခဲ့ပါတယ်။

၇။ ဟိုင်ဆမ်ဟတ်ဆန် (အီဂျစ်)
အုပ်စုအဆင့်တလျှောက်လုံး အရန်ခုံမှာပဲ ထိုင်နေခဲ့ရတဲ့ ဟတ်ဆန်က ရှုံးထွက်အဆင့်ရောက်ရှိချိန် တောက်ပလာခဲ့ပါတယ်။ သြစတြေးလျနဲ့ရင်ဆိုင်ရတဲ့ ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာ ဟတ်ဆန် စတင်ပါဝင်ခဲ့ပြီး အာဂျင်တီးနားနဲ့ယှဉ်ပြိုင်ရတဲ့ ၁၆ သင်းရှုံးထွက်အဆင့်ပွဲစဉ်မှာတော့ လူသိများလာခဲ့ပါတယ်။

ပြစ်ဒဏ်ကျူးလွန်မှုကြောင့် သွင်းဂိုးပယ်ဖျက်ခံလိုက်ရပေမဲ့ အီဂျစ်အတွက် ဟတ်ဆန်ရဲ့တစ်ကိုယ်တော်စွမ်းရည်နဲ့အတူ ထိုးဖောက်ကစားသွားပုံက တကယ့်ကို အံ့အားသင့်စရာကောင်းလှပါတယ်။ အဲ့ဒီနောက်ပိုင်းမှာလည်း ဇီကိုအတွက် ဂိုးဖန်တီးမှု ပြုလုပ်ပေးခဲ့ပါတယ်။ သူ့ရဲ့ကလပ်အသင်းဖြစ်တဲ့ အိုဗီဒိုက လာလီဂါမှတန်းဆင်းသွားရလို့ အခုနွေရာသီစျေးကွက်မှာ အသင်းပြောင်းရွှေ့သွားနိုင်ပါတယ်။

၆။ အော်လန်ဒိုဂီးလ် (ပါရာဂွေး)
အော်လန်ဒိုဂီးလ်က ပြီးခဲ့တဲ့စက်တင်ဘာလမှ ပါရာဂွေးအတွက် ပွဲဦးထွက် ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာ့ဖလားဆီ အလျှင်မြန်ဆုံးချီတက်လာနိုင်ခဲ့ပြီး ပွဲစဉ်တိုင်းမှာ ပါဝင်ကစားခဲ့ပါတယ်။ ဂျာမနီနဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်မှာ ပင်နယ်တီအဆုံးအဖြတ်ခံယူချိန် လက်စွမ်းပြကာကွယ်မှုနှစ်ကြိမ်နဲ့အတူ အော်လန်ဒိုဂီးလ်က သူရဲကောင်းဖြစ်လာခဲ့ပါတယ်။ ပြင်သစ်နဲ့ပွဲစဉ်ကို ရှုံးနိမ့်ခဲ့ပေမဲ့ သူ့ရဲ့စွမ်းဆောင်ရည်ပိုင်းကတော့ အထင်ကြီးစရာ ကောင်းနေတုန်းပါပဲ။

၅။ ဒန်ဘန်း (အင်္ဂလန်)
အုပ်စုအဆင့်မှာရော၊ ၃၂ သင်းရှုံးထွက်အဆင့်မှာပါ အရန်ခုံမှာပဲ ရှိနေခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ မက္ကဆီကိုနဲ့ပွဲစဉ်မှာ လူစားဝင်လာပြီး ပြိုင်ဘက်ရဲ့ဖြတ်တင်ဘောမှန်သမျှကို ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။

ပရိသတ်အသည်းစွဲဆိုတာ အစပိုင်းမှာ သိပ်အရေးမပါသလို ထင်ရပေမဲ့ လိုအပ်နေချိန် အကောင်းဆုံးကူညီပေးနိုင်သူတွေကို ခေါ်ဝေါ်တာပါ။ အင်္ဂလန်အသင်းမှာ ဒန်ဘန်းထက်ပိုပြီး ထက်မြက်သူတွေ ရှိပေမဲ့ နယူးကာဆယ်ခံစစ်မှူးကြီးကိုတော့ ပရိသတ်တွေ အသည်းစွဲ အားပေးခဲ့ကြပါတယ်။ အာဂျင်တီးနားနဲ့ဆီမီးဖိုင်နယ်မှာ သူ့ကို တိုက်စစ်မှူးအဖြစ် အရေးပေါ်ပြောင်းလဲသုံးစွဲခဲ့မှုက အကျိုးရလဒ်မရှိခဲ့တာတစ်ခုပဲ နှမြောစရာကောင်းပါတယ်။

၄။ ဆစ်ဒနီ လိုပက်စ် ကာဘရယ် (ကိတ်ဗာဒီ)
အာဂျင်တီးနားအသင်းတောင် ဘာဖြစ်သွားမှန်း မသိလိုက်ရပါဘူး။ ကိပ်ဗာဒီရဲ့ အိပ်မက်တွေကို ၃၂ သင်းရှုံးထွက်အဆင့်အချိန်ပိုမှာ ကာဘရယ်က အံ့ဖွယ်သွင်းဂိုးနဲ့အတူ သက်တမ်းတိုးပေးခဲ့ပါတယ်။ ဒီရလဒ်ကို အဆုံးအထိ မထိန်းသိမ်းထားနိုင်ပေမဲ့ သူ့ရဲ့သွင်းဂိုးကိုတော့ ဘောလုံးကမ္ဘာတစ်ခုလုံး အမှတ်ရနေခဲ့ပါပြီ။ ဒီဘယ်နောက်ခံလူက ထရက်ဇွန်စပေါအသင်းနဲ့အတူ ကစားသမားဘ၀ကဏ္ဍသစ်စတင်ဖို့ အဆင်သင့်ဖြစ်နေပါတယ်။

၃။ ဂျူလီယန် ကွီနိုနက်စ် (မက္ကဆီကို)
ဒီကမ္ဘာ့ဖလားမှာ အမ်ဘာပေ၊ မက်ဆီနဲ့ ဟာလန်းတို့လို နာမည်ကြီးတွေ ဂိုးတွေသွင်းနေကြတာ မဆန်းပါဘူး။ ဒါပေမဲ့ ကွီနိုနက်စ်ကတော့ အဲဒီနာမည်ကြီးတွေအကြားမှာ ရွှေဖိနပ်ဆုအတွက် ကြားဖြတ်ပါဝင်လာခဲ့ပါတယ်။ သူက မက္ကဆီကိုအတွက် လေးဂိုးအထိ သွင်းယူပေးခဲ့ပြီး အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ စီရော်နယ်ဒိုထက်တောင် သွင်းဂိုး ပိုများပါသေးတယ်။ ဆော်ဒီလိဂ်ရဲ့ရွှေဖိနပ်ဆုရှင်တိုက်စစ်မှူးက ဥရောပမှာ တစ်ကြိမ်တစ်ခါမှ မကစားဖူးသေးလို့ ကမ္ဘာ့ဖလားစွမ်းဆောင်ရည်ကြောင့် အပြောင်းအလဲရှိလာမလား စောင့်ကြည့်သွားရပါတော့မယ်။ 

၂။ ဂျိုဟန်မန်ဇမ်ဘီ (ဆွစ်ဇာလန်)
ကမ္ဘာ့ဖလားမှာ ခြေစွမ်းပြပြီးနောက် အသင်းကြီးတွေဆီ ပြောင်းရွှေ့ဖို့ သေချာနေတဲ့ စံပြလူငယ်ကြယ်ပွင့်ကစားသမားလေးပါ။ မန်ဇမ်ဘီက အုပ်စုအဆင့်မှာ ဘော့စနီးယားကို နှစ်ဂိုးသွင်းခဲ့သလို ကနေဒါနဲ့ပွဲစဉ်မှာလည်း တစ်ဂိုးသွင်း၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလု်ပခဲ့ပါတယ်။ သူမကစားနိုင်တော့ချိန် ဆွစ်ဇာလန်အသင်း အားနည်းသွားတယ်ဆိုတာ တိုက်ဆိုင်မှုတော့ မဖြစ်နိုင်ပါဘူး။ နယူးကာဆယ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပေမဲ့ သူ့ကို အက်စတွန်ဗီလာက ကြားဖြတ်ခေါ်ယူဖို့ လုပ်ဆောင်နေပါပြီ။

၁။ ဗိုဇင်ဟာ (ကိတ်ဗာဒီ)
နံပါတ်-(၁) နေရာအတွက်တော့ ဗိုဇင်ဟာမှလွဲရင် တခြားသူ မရှိပါဘူး။ အသက် ၄၀ နှစ်ပြည့်မြောက်လာချိန်၊ မိခင်နိုင်ငံအတွက် ပထမဆုံးကမ္ဘာ့ဖလားပြိုင်ပွဲကို ကစားရတဲ့ ဂိုးသမားဗိုဇင်ဟာက ပရိသတ်အချစ်တော် ဖြစ်လာခဲ့ပါတယ်။ စပိန်နဲ့ပွဲစဉ်မှာ ဂိုးမပေးရအောင် ကာကွယ်နိုင်မှုက တကယ့်ကိုအံ့မခန်းပါပဲ။ ဗိုဇင်ဟာရဲ့ Instagram ပရိတ်သတ်အင်အားလည်း ငါးသောင်းကျော်မှ သန်း ၃၀ နီးပါး ခုန်တက်သွားခဲ့ပါတယ်။

အာဂျင်တီးနားနဲ့ပွဲစဉ်မှာ ဂိုးပေါက်ကာကွယ်မှု ရှစ်ကြိမ်အထိ ထပ်လုပ်ပြခဲ့တဲ့ ဗိုဇင်ဟာက ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားလို့တောင် ပြောလို့ရပါတယ်။ ပင်လယ်မျှော့မျိုးစိတ်တစ်ခုကိုတောင် သူ့နာမည်ကို အစွဲပြုပြီး အမည်ပေးခဲ့ကြပါသေးတယ်။ ဒါကိုမှ ပရိသတ်အသည်းစွဲ(Cult Hero) လို့ မခေါ်ရင် ဘာကိုခေါ်ရမလဲတောင် မသိတော့ပါဘူး။