The network connection is lost.

Banner Image

သမိုင်းတစ်လျှောက် အဆိုးရွားဆုံး ကမ္ဘာ့ဖလားဗိုလ်လုပွဲ ငါးပွဲ 😬

လာမယ့် တနင်္ဂနွေနေ့မှာတော့ အခုပြောမယ့်ပွဲစဉ်တွေထက်ပိုကောင်းမယ့်ပွဲစဉ်မျိုး ကြည့်ရဖို့ မျှော်လင့်ကြရအောင်...

၁၉၉၀ - ဂျာမနီ ၁-၀ အာဂျင်တီးနား
လွန်ခဲ့တဲ့လေးနှစ်၊ ၁၉၈၆ ပြိုင်ပွဲရဲ့ဗိုလ်လုပွဲမှာ ဆုံတွေ့ခဲ့တဲ့ ပြိုင်ဘက်အသင်းနှစ်ခု ထပ်မံရင်ဆိုင်ရတဲ့ပွဲစဉ် ဖြစ်ပါတယ်။ ၁၉၈၆ ခုနှစ်မှာတော့ ပါရမီရှင်မာရာဒိုနာရဲ့ခြေစွမ်းနဲ့အတူ အာဂျင်တီးနားက ၃-၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့ပါတယ်။ ဒါပေမဲ့ ရောမမှာ ကစားတဲ့ ဒီလက်စားချေပွဲ (သမိုင်းမှာ ပထမဆုံးအကြိမ်အဖြစ် ပြိုင်ဘက်အသင်းနှစ်ခု ဗိုလ်လုပွဲအဆင့်နှစ်ကြိမ်ဆက်ထိပ်တိုက်တွေ့ဆုံမှု)ကတော့ ခံစားချက် လုံးဝကွဲပြားသွားပါတယ်။ အာဂျင်တီးနားက ပြိုင်ပွဲလမ်းကြောင်းတလျှောက် ခြေစွမ်းမပြနိုင်ဘဲ ခုနစ်ပွဲကစားရာမှာ သာမန်ပွဲချိန်အတွင်း နှစ်ပွဲသာ အနိုင်ရရှိခဲ့ပါတယ်။ ဗိုလ်လုပွဲမှာလည်း ကစားသမားနှစ်ဦး အနီကတ်ပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခံရကာ ကွင်းတွင်းကစားသမား ကိုးဦးသာ ကျန်နေခဲ့ပါတယ်။ နောက်ဆုံးတော့ ပွဲချိန် ၈၅ မိနစ်မှာ ရရှိတဲ့ ပင်နယ်တီနဲ့အတူ ဂျာမနီက အနိုင်ရရှိသွားပြီး ပရိသတ်တွေကို အခုလိုပျင်းစရာကောင်းတဲ့ပွဲစဉ်မှ လွတ်မြောက်စေခဲ့ပါတယ်။

ဒါ့အပြင် အာဂျင်တီးနားလည်း အဲ့ဒီကာလတုန်းက ဗိုလ်လုပွဲအဆင့် ဂိုးမသွင်းယူနိုင်တဲ့ ပထမဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဒီပွဲစဉ်ကိုလည်း ကမ္ဘာ့ဖလားပြိုင်ပွဲတလျှောက် အကျည်းတန်ဆုံးဗိုလ်လုပွဲလို့ လူသိများခဲ့ပါတယ်။

၁၉၉၄ - ဘရာဇီး ၀-၀ အီတလီ (ပင်နယ်တီ ၃-၂)
အရမ်းကောင်းတဲ့ကမ္ဘာ့ဖလားပြိုင်ပွဲကြီးတစ်ခုက လုံး၀စိတ်လှုပ်ရှားစရာမရှိတဲ့ ဗိုလ်လုပွဲနဲ့အတူ အဆုံးသတ်သွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ဘရာဇီးက အရင်လို လှပညက်ညောတဲ့ကစားဟန်မျိုး မကစားနိုင်တော့သလို မာလ်ဒီနီ၊ ဘာရီစီဦးဆောင်တဲ့ အရမ်းမာကျောတဲ့ အီတလီခံစစ်ပိုင်းနဲ့ ရင်ဆိုင်ရလို့ ပင်နယ်တီအဆုံးအဖြတ်အထိ ရောက်ရှိသွားပါတယ်။

နောက်ပိုင်းမှာတော့ အားလုံးသိကြတဲ့အတိုင်း ရော်ဘတ်တိုဘက်ဂီယိုရဲ့ပင်နယ်တီလွဲချော်မှုနဲ့အတူ ဘရာဇီးက ချန်ပီယံအဖြစ် အောင်ပွဲခံသွားပါတယ်။ ပရိသတ်အပြည့်ရှိနေတဲ့ Rose Bowl ကွင်းကြီး၊ ကွင်းတွင်းကြယ်ပွင့်တွေနဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲသမိုင်းတလျှောက် ပထမဆုံးအကြိမ်ပင်နယ်တီအဆုံးအဖြတ်ခံယူမှုတို့ကြောင့် ဂုဏ်သိက္ခာရှိတဲ့ပွဲစဉ်လို့ ပြောနိုင်ပေမဲ့ ပွဲချိန်အတွင်းယှဉ်ပြိုင်ပုံအပိုင်းမှာတော့ မျှော်လင့်ထားသလောက် မဖြစ်လာခဲ့ပါဘူး။

၂၀၁၀ - စပိန် ၁-၀ နယ်သာလန် (အချိန်ပို)
ဒါကိုလည်း အားလုံး မှတ်မိနေကြပါဦးမယ်။ စပိန်ဘောလုံးလောကရဲ့ အတောက်ပဆုံးကာလ ဖြစ်သလို ဇာဗီ+အင်နီယေစတာအတွဲနဲ့အတူ ဘာစီလိုနာတို့ ရွှေထီးဆောင်းချိန်လည်း ဖြစ်ပါတယ်။ ကာဆီးလက်စ်၊ ရာမို့စ်၊ ပူယိုးလ်တို့လို ဂန္တဝင်ကြီးတွေရဲ့ အမြင့်မားဆုံးထွန်းတောက်မှုကာလလို့လည်း သတ်မှတ်နိုင်ပါတယ်။ ဒါပေမဲ့ ဗိုလ်လုပွဲကတော့ တကယ်ကို စိတ်ပျက်စရာ ကောင်းခဲ့ပါတယ်။ 

ပွဲချိန်တွေ မကြာခဏရပ်တန့်ခဲ့ရသလို ဇာဘီအလွန်ဆိုရဲ့ရင်ဘတ်ဆီ ဒီဂျောင်ကန်လိုက်တာလည်း အမှတ်တရဖြစ်စရာပါပဲ။ ကံကောင်းချင်တော့ ဒီဂျောင်လည်း ပြစ်ဒဏ်မထိခဲ့ပါဘူး။ စပိန်က ဘောလုံးကို လှလှပပကိုင်ကစားနိုင်ခဲ့ပေမဲ့ ရော်ဘင်ရဲ့အညှာအတာကင်းမဲ့လှတဲ့ တိုက်စစ်ဆင်မှုတွေကြောင့် အဆုံးအဖြတ်ရလဒ်တော့ မထွက်ပေါ်လာခဲ့ပါဘူး။ ဒါပေမဲ့ အချိန်ပိုပြီးဆုံးခါနီးမှာ စပိန်က အင်နီယေစတာရဲ့သွင်းဂိုးဖြင့် သူတို့အတွက် ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုကို ရရှိခဲ့ပါတယ်။

၂၀၁၄ - ဂျာမနီ ၁-၀ အာဂျင်တီးနား (အချိန်ပို)
ဆီမီးဖိုင်နယ်မှာ ဘရာဇီးကို ၇-၁ ဂိုးဖြင့် အနိုင်ယူပြီး အရှက်ခွဲခဲ့တဲ့ ဂျာမနီက ဗိုလ်လုပွဲမှာတော့ မက်ဆီရဲ့အာဂျင်တီးနားနဲ့ ထိပ်တိုက်တွေ့ပါတယ်။ ပွဲစဉ်က နှစ်သင်းလုံးအတွက် အတော်လေးခက်ခဲခဲ့ပြီး အချိန်ပိုမရောက်ခင်အထိ အဖြေရှာမတွေ့ခဲ့ကြပါဘူး။ အချိန်ပိုမှာတော့ ဂေါ့ဇီရဲ့သွင်းဂိုးနဲ့အတူ ဂျာမနီက သူတို့ရဲ့စတုတ္ထမြောက်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူခဲ့ပါတယ်။ နှစ်သင်းလုံးရဲ့ပရိသတ်မဟုတ်သူတွေအတွက်တော့ မေ့ပစ်ချင်စရာအတော်ကောင်းတဲ့ ဗိုလ်လုပွဲပါပဲ။

၂၀၀၂ - ဘရာဇီး ၂-၀ ဂျာမနီ
ရိုနယ်ဒို၊ ရော်နယ်ဒင်ဟိုနဲ့ ရီဗယ်လ်ဒိုတို့ပေါင်းစပ်ထားတဲ့ မှော်ဝင်တိုက်စစ်အတွဲနဲ့အတူ ဘရာဇီးတို့ ပဉ္စမမြောက်ကမ္ဘာ့ဖလားချန်ပီယံဆုကို ရယူနိုင်ခဲ့တဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဗိုလ်လုပွဲမှာ ဂျာမနီအတွက် ဂိုးသမားအိုလီဗာခန်းတစ်ဦးတည်းသာ အစွမ်းပြနိုင်လို့ ဘရာဇီးက အသည်းအသန်မကစားရဘဲ အေးအေးဆေးဆေး အနိုင်ရရှိခဲ့ပါတယ်။

ဒီဗိုလ်လုပွဲမှာ ဆံပင်ပုံစံအဆန်းလေးနဲ့ ရိုနယ်ဒိုက နှစ်ဂိုး သွင်းယူခဲ့ပါတယ်။ ပွဲကတော့ သိပ်ပြီး ထူးထူးခြားခြားမရှိခဲ့ပေမဲ့ ဘရာဇီးအသင်းအနို်ငရရှိခဲ့တဲ့ နောက်ဆုံးကမ္ဘာ့ဖလားဖိုင်နယ်အဖြစ် မှတ်တမ်းဝင်နေတုန်းပါပဲ။ အဲ့ဒီနောက်ပိုင်းမှာတော့ ဘရာဇီးက အလွန်ခက်ခဲတဲ့ကာလတစ်ခုကို ဖြတ်သန်းနေရပါတယ်။