ဖိုလာရင် ဘာလိုဂန်ရဲ့ ပွဲပယ်ပြစ်ဒဏ်ကို ပယ်ဖျက်လိုက်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လ်ဂျီယံ အယူခံဝင်မည်
အမေရိကန်တိုက်စစ်မှူး ဖိုလာရင် ဘာလိုဂန်ကို ချမှတ်ထားတဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကို ဖီဖာက ပြန်လည်ရုပ်သိမ်းပေးလိုက်တဲ့အပေါ် အယူခံဝင်ခွင့်ကို ဘယ်လ်ဂျီယံအသင်း ရရှိသွားခဲ့ပါတယ်။
The Athletic မှ Adam Crafton ရဲ့ ဖော်ပြချက်အရ ဘယ်လ်ဂျီယံနဲ့ အမေရိကန်တို့ ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်မှာ မတွေ့ဆုံခင် တစ်ရက်တောင် မလိုတော့တဲ့အချိန်မှာ အခုလို အယူခံဝင်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။
ဘာလိုဂန်ဟာ ဘော့စနီးယားနဲ့ပွဲမှာ အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရဲ့ ကြားဝင်စွက်ဖက်မှုကြောင့် ဖီဖာက ပြစ်ဒဏ်ကို ဆိုင်းငံ့ပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတိုက်စစ်မှူးဟာ ဘယ်လ်ဂျီယံနဲ့ပွဲမှာ ပါဝင်ကစားနိုင်တော့မှာ ဖြစ်ပါတယ်။
ပွဲပယ်ပြစ်ဒဏ်ကို တစ်နှစ်အထိ ဆိုင်းငံ့ပေးလိုက်တဲ့ ဖီဖာရဲ့ ဆုံးဖြတ်ချက်အပေါ် ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်ကတော့ 'အံ့အားသင့်' နေပါတယ်။
ဘယ်လ်ဂျီယံနည်းပြကတော့ စနေနေ့ သတင်းစာရှင်းလင်းပွဲမှာ ဒီဆုံးဖြတ်ချက်ဟာ ဧပြီလ ၁ ရက် (April Fool's Day) မှာ နောက်ပြောင်တဲ့ အပြုအမူတစ်ခုလိုပဲ ခံစားရတယ်လို့ ဟာသနှောပြီး ပြောကြားခဲ့ပါတယ်။
သူက "ဘယ်လ်ဂျီယံအဖွဲ့ချုပ်ဟာ သူ့ကိုယ်သူ ဒါမှမဟုတ် လက်ရွေးစင်အသင်းအတွက်တင် ခုခံကာကွယ်နေတာ မဟုတ်ပါဘူး။ ဘောလုံးလောကတစ်ခုလုံးရဲ့ ဂုဏ်သိက္ခာနဲ့ ကျင့်ဝတ်တွေကိုပါ ကာကွယ်နေတာပါ" လို့ ဆိုပါတယ်။
"ကျွန်တော် မှတ်မိသလောက်ဆိုရင် ဒါဟာ ကမ္ဘာ့ဖလားသမိုင်းမှာ အခုလိုမျိုး ဆုံးဖြတ်ချက်ချတာ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်က နည်းပြတစ်ယောက် ဖြစ်တာကြောင့် ကိုယ့်အသင်းနဲ့ ပွဲစဉ်အပေါ်မှာပဲ အာရုံစိုက်သွားမှာပါ။ အမေရိကန်အသင်းရဲ့ လူစာရင်းမှာ ဘယ်သူတွေပါဝင်နေလဲဆိုတာက အရေးမကြီးပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက ကွင်းထဲမှာ ကစားဖို့၊ ကိုယ့်အသင်း နိုင်ပွဲရဖို့နဲ့ ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ဖို့ပါပဲ" လို့လည်း ဆက်ပြောခဲ့ပါတယ်။
အယူခံတင်သွင်းမှုကို တနင်္လာနေ့မနက်ပိုင်းမှာ အပြီးလုပ်ဆောင်ရမှာ ဖြစ်ပေမဲ့ အဲဒီလိုလုပ်နိုင်ဖို့အတွက် ဖီဖာဘက်က ဘယ်လ်ဂျီယံကို အာမခံချက် တစ်စုံတစ်ရာ ပေးထားခြင်း မရှိသေးပါဘူး။
ဘယ်လ်ဂျီယံနဲ့ အမေရိကန်အသင်းတို့ဟာ ဆီယက်တဲလ်မြို့ရှိ Lumin Field ကွင်းမှာ တနင်္လာနေ့မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပြီး လက်ရှိအခြေအနေအရ ဘာလိုဂန်လည်း ပါဝင်ကစားလာလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။