The network connection is lost.

Banner Image

ဘာလိုဂန်ရဲ့ပွဲပယ်ပြစ်ဒဏ်ဆိုင်းငံ့မှုနဲ့ပတ်သက်လို့ ဖီဖာရဲ့ဆုံးဖြတ်ချက်ကို ဂါစီယာ ပြင်းပြင်းထန်ထန်ဝေဖန်

ဘော့စနီးယားနဲ့ပွဲစဉ်၊ တိုက်ရိုက်အနီကတ်ပြစ်ဒဏ်နဲ့အတူ တစ်ပွဲပယ်ပြစ်ဒဏ်ကျခံရမယ့် အမေရိကန်တိုက်စစ်မှူးဘာလိုဂန်ကို ဖီဖာရဲ့ပြစ်ဒဏ်ဆိုင်းငံ့ပေးမှုကို ဘယ်လ်ဂျီယံနည်းပြရူဒီဂါစီယာက ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပါတယ်။

ဖီဖာက စည်းမျဉ်းအပိုဒ် ၂၇ အရ ဘာလိုဂန်ကို တနင်္လာနေ့၊ ဆီယက်တဲလ်မှာကစားမယ့် ဘယ်လ်ဂျီယံနဲ့ပွဲစဉ်အတွက် ပါဝင်ကစားခွင့် ပြုလိုက်ပါတယ်။ အစောပိုင်းမှာ သတ်မှတ်ထားတဲ့ တစ်ပွဲပယ်ပြစ်ဒဏ်ကိုလည်း လျှော့ပေါ့ပေးလိုက်ပြီး တစ်နှစ်စောင့်ကြည့်ကာလအဖြစ် ပြောင်းလဲသတ်မှတ်ခဲ့ပါတယ်။

ဘာလိုဂန်က ဘော့စနီးယားခံစစ်မှူးတာရစ်မူဟာရီမိုဗစ်ကို ဖြတ်ထုတ်စဉ် ကွင်းလယ်ဒိုင်က ပြစ်ဒဏ်မပေးခဲ့ပေမဲ့ VAR ကြားဖြတ်ဝင်ရောက်လာပြီးနောက် တိုက်ရိုက်အနီကတ်ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

အမေရိကန်အတွက်ရော၊ ဘယ်လ်ဂျီယံအတွက်ပါ အရေးကြီးတဲ့ ပွဲစဉ်မတိုင်ခင် အခုလိုဆုံးဖြတ်ချက် ထွက်ပေါ်လာခဲ့ပြီး ဘယ်လ်ဂျီယံနည်းပြရူဒီဂါစီယာကတော့ ဇူလိုင် ၅ ရက်ကို အခြားအမည်တစ်ခု ပြောင်းလဲသတ်မှတ်ပေးသင့်တယ်လို့ ပြောဆိုကာ ပွဲကြိုသတင်းစာရှင်းလင်းပွဲအတွင်း လှောင်ပြောင်ခဲ့ပါတယ်။

"ဇူလိုင် ၅ ရက်ကို April Fool’s Day မှန်း ကျွန်တော် မသိခဲ့ဘူး၊ ဒါက သတင်းအသစ်ပါပဲ။ ကျွန်တော်တို့ရဲ့ သဘောထားကိုတော့ ဘောလုံးအဖွဲ့ချုပ်ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီးပါပြီ။ ကျွန်တော်တို့က ဘောလုံးလောကကို ကာကွယ်နေတာပါ။ ကမ္ဘာ့ဖလားသမိုင်းမှာ ဒီလိုမျိုးဆုံးဖြတ်ချက်ချတာ ဒါပထမဆုံးပါပဲ" လို့ ဂါစီယာက ပြောပါတယ်။ "အမေရိကန်က ဘယ်သူနဲ့ပဲ ပွဲထွက်လာပါစေ၊ ကျွန်တော်ကတော့ နည်းပြတစ်ဦးအဖြစ် ကိုယ့်အလုပ်အပေါ်မှာပဲ အာရုံစိုက်သွားပါမယ်" လို့ သူက ဆိုပါတယ်။

ဘယ်လ်ဂျီယံဘောလုံးအဖွဲ့ချုပ်(RFBA)ဘက်ကလည်း ဒီဆုံးဖြတ်ချက်အပေါ် အတော်လေးအံ့အားသင့်နေပြီး ပြိုင်ပွဲ၀င်အသင်းတွေအားလုံးရဲ့ ရပိုင်ခွင့်တွေကို ကာကွယ်ဖို့အတွက် ဥပဒေကြောင်းအရ ဘာတွေလုပ်လို့ရမလဲဆိုတာ စုံစမ်းနေပါတယ်။ ဒါကြောင့် အခုအခြေအနေက အားကစားခုံရုံး (CAS) အထိ ရောက်ရှိသွားနိုင်တဲ့ ပုံစံမျိုးပါပဲ။

လတ်တလောမှာ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင် ဖီဖာဆီတိုက်ရိုက်ဖုန်းဆက်ပြီး ဆုံးဖြတ်ချက်ကို ပြောင်းလဲပေးဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။ ဒါပေမဲ့ ဖီဖာဘက်ကတော့ သမ္မတနဲ့မသက်ဆိုင်ဘဲ သူတို့ရဲ့စည်းကမ်းထိန်းသိမ်းရေးကော်မတီ သီးခြားဆုံးဖြတ်ချက်သာဖြစ်တယ်လို့ တုံ့ပြန်ပါတယ်။

သမ္မတထရမ့်ရဲ့မှတ်ချက်တွေနဲ့ပတ်သက်လို့ ဂါစီယာကတော့ အချိန်မဖြုန်းချင်ဘဲ ပွဲစဉ်အပေါ်သာ အာရုံစိုက်ထားချင်တယ်လို့ ပြောပါတယ်။ "ကျွန်တော်တို့ ပွဲစဉ်တလျှောက်လုံး ကစားပုံတည်ငြိမ်ဖို့ လိုအပ်ပါတယ်။ ပွဲအစအဆုံး ဘယ်လ်ဂျီယံရဲ့အဆင့်အတန်းအတိုင်း ကစားနိုင်ဖို့ ကြိုးစားရပါမယ်" လို့ သူက ဆိုပါတယ်။