The network connection is lost.

Banner Image

ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ အိမ်ကွင်းအားသာချက်နဲ့အတူ အနိုင်ရလဒ်ဖော်ဆောင်ဖို့ မျှော်လင့်နေတဲ့ ကနေဒါနည်းပြဂျက်စီမာ့ရှ်

ကနေဒါအသင်းနည်းပြဂျက်စီမာ့ရှ်က ၃၂ သင်းရှုံးထွက်အဆင့်ပွဲစဉ်ကို ဗန်ကူးဗားမြို့မှာ ကစားနိုင်ဖို့အတွက် အုပ်စု(B)အပိတ်ပွဲစဉ်အဖြစ် ဗုဒ္ဓဟူးနေ့မှာ ဆွစ်ဇာလန်ကို အနိုင်ကစားသွားဖို့ ရည်မှန်းထားပါတယ်။

လက်ရှိမှာ လေးမှတ်ရရှိထားပြီး အုပ်စုထိပ်ဆုံးမှာရှိနေတဲ့ ကနေဒါက ဆွစ်ဇာလန်ကိုသာ မရှုံးနိမ့်ဘူးဆိုရင် အုပ်စုပထမနေရာနဲ့အတူ လာမယ့်ဇူလိုင် ၂ ရက်၊ ဗန်ကူးဗားမြို့မှာကစားမယ့် ရှုံးထွက်ပွဲစဉ်ကို ပါဝင်ပြီး အနားယူချိန်လည်း ပိုမိုရရှိသွားပါလိမ့်မယ်။

"ဗန်ကူးဗားမှာ ဆက်ရှိနေဖို့ဆိုတာ ကျွန်တော်တို့ရဲ့ နံပါတ်တစ်ပန်းတိုင်ပါပဲ" လို့ ဂျက်စီမာ့ရှ်က အင်္ဂါနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

"ဒီအလုပ်ကို ကျွန်တော်စတင်လက်ခံလိုက်ချိန် ပြိုင်ပွဲရဲ့စနစ်အသစ်အကြောင်း သိလိုက်ရတဲ့ အခိုက်အတန့်မှာပဲ ကျွန်တော်တို့မှာ ရှင်းလင်းတဲ့ ရည်မှန်းချက် ရှိတယ်၊ အုပ်စုပထမ ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ်နှစ်တုန်းကတော့ လူတိုင်းက ကျွန်တော့်ကို ရူးနေတယ်လို့ ထင်ခဲ့ကြတယ် မဟုတ်လား။ အဲဒီအချိန်တုန်းက ဖြစ်နိုင်စရာအကြောင်းမရှိဘူးလို့ ထင်ခဲ့ကြပေမဲ့ ဒါက ကျွန်တော် ဖြစ်လာစေချင်တဲ့ အနေအထားမျိုးပါပဲ။"

"ဆွစ်ဇာလန်နဲ့ တစ်အုပ်စုတည်းကျရောက်ချိန် ဟုတ်ပြီ၊ နောက်ဆုံးပွဲစဉ်ကျရင် ဗန်ကူးဗားမှာ ဆက်ရှိနေဖို့ဆိုတဲ့ ပန်းတိုင်အတွက် အကောင်းဆုံး ပြင်ဆင်သွားကြမယ်လို့ တွေးမိခဲ့ပါတယ်။ အခု ကျွန်တော်တို့ ဒီကို ရောက်လာခဲ့ပြီဖြစ်လို့ အဆင်သင့် ဖြစ်နေပါပြီ"လို့ ဆက်ပြောခဲ့ပါတယ်။

ဆွစ်ဇာလန်နဲ့ပွဲစဉ်မှာ တစ်မှတ်ရရှိရုံနဲ့တင် လုံလောက်နိုင်ပေမဲ့လည်း ဂျက်စီမာ့ရှ်ကတော့ BC Place ကွင်းမှာ အနိုင်ရရှိဖို့ ရည်မှန်းချက်နဲ့သာ ပွဲထွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

"ကျွန်တော့်အမြင်အရတော့ သရေရလဒ်တစ်ခုရရှိဖို့အတွက် အဆိုးရွားဆုံးနည်းလမ်းက သရေရလဒ်အတွက် ယှဉ်ပြိုင်ကစားတာပါပဲ။ ပွဲစဉ်ဆီဝင်ရောက်ပြီး အနိုင်ရဖို့အတွက်သာ ကစားရမှာဖြစ်သလို ပွဲစဉ်ရဲ့နောက်ဆုံးအပိုင်းတွေမှာ လူစားလဲမှုတွေ၊ နည်းဗျူဟာတွေကို အသုံးချပြီး လိုအပ်တဲ့ အခြေအနေကို ထိန်းသိမ်းသွားရပါမယ်"

"ဒါကြောင့် ရလဒ်ကို အကောင်းဆုံးထိန်းသိမ်းဖို့အတွက် ဒီပွဲစဉ်ကိုစတင်ချိန် အနိုင်ရရှိရမယ်ဆိုတဲ့ စိတ်ဓါတ်ပိုင်း၊ နည်းဗျူဟာပိုင်းတွေနဲ့ ပွဲထွက်သွားရပါမယ်"လို့ ဂျက်စီမာ့ရှ်က ဆိုပါတယ်။