မော်ရိုကိုအား ရှုံးနိမ့်ခဲ့ပေမဲ့ ကနေဒါအသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကာကွယ်ပြောဆိုခဲ့တဲ့ ဂျက်စီမတ်ရှ်
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ၁၆ သင်းရှုံးထွက်အဆင့်မှာ မော်ရိုကိုအသင်းကို ၃-၀ ဂိုးဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှထွက်ခွာလာရပေမဲ့ ကနေဒါအသင်းနည်းပြဂျက်စီမတ်ရှ်ကတော့ ရလဒ်ပိုင်းထက်စာရင် ကစားကွက်အပိုင်းမှာ သူ့ရဲ့အသင်း အချိန်အတော်များများ အသာစီးရရှိခဲ့တယ်လို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။
ဂျက်စီမတ်ရှ်က ပြိုင်ပွဲမှထွက်ခွာလာရမှုကိုသာ အာရုံမစိုက်ဘဲ နိုင်ငံတကာအဆင့်မှာ သူ့တို့အသင်း ဘယ်လောက်အထိ တိုးတက်လာခဲ့သလဲဆိုတာကိုပဲ အလေးထားပြောကြားခဲ့ပါတယ်။
အရေးကြီးရှုံးထွက်ပွဲစဉ်မှာ အယ်လ်ဖွန်ဆိုဒေးဗီးစ်ကို အရန်ခုံပို့ထားခဲ့တဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်လို့လည်း နည်းဗျူဟာပိုင်းဆိုင်ရာနဲ့ ကစားသမားရဲ့ကြံ့ခိုင်မှုအခြေအနေကြောင့် အခုလိုဆောင်ရွက်ခဲ့ခြင်းဖြစ်တယ်လို့ နည်းပြက ရှင်းပြခဲ့ပါတယ်။
ရလဒ်ပိုင်းအရ အတော်လေးပြတ်သားနေပေမဲ့ ပြိုင်ပွဲတစ်ခုလုံးခြေစွမ်းပြနေတဲ့ မော်ရိုကိုလို စည်းကမ်းရှိတဲ့ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကနေဒါရဲ့စွမ်းဆောင်ရည် သီးခြားဖြစ်ခဲ့တယ်လို့ သူက ငြင်းချက်ထုတ်ပါတယ်။
"တကယ်တော့ ကျွန်တော်တို့က ပိုကောင်းတဲ့အသင်းပါ။ ကျွန်တော်တို့က ပိုကောင်းခဲ့တာပါ၊ ဟုတ်တယ်မလား။ သူတို့က ကျွန်တော်တို့ထက် အခွင့်အရေးကို ပိုပြီး အသုံးချသွားနိုင်ပါတယ်။ ဖိအားပေးကစားနိုင်မှုက ကျွန်တော်တို့အတွက် ပြဿနာမဟုတ်ပါဘူး" လို့ ဂျက်စီမတ်ရှ်က TSN ကို ပြောပါတယ်။
"မော်ရိုကိုက တိုက်စစ်ပိုင်းမှာ အရည်အသွေး ပိုရှိသွားပါတယ်။ ကျွန်တော်တို့ဘက်ကတော့ လိုအပ်နေချိန်မှာ အဆုံးသတ်နိုင်စွမ်း နည်းနည်းလေးလိုအပ်သွားတာပါပဲ"
"ဒါပေမဲ့ ပွဲကစားပုံ၊ ကျွန်တော်တို့ ကစားချင်တဲ့ ဘောလုံးစတိုင်၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိရှိနဲ့ ကစားခဲ့ကြတဲ့ အချက်တွေကို ကြည့်မယ်ဆိုရင်တော့ ထိပ်တန်းအသင်းတစ်ခုကို အတော်လေး ရုန်းကန်ရအောင် လုပ်နိုင်ခဲ့ပါတယ်။ ပထမပိုင်းနဲ့ ဒုတိယပိုင်းအစမှာ ကျွန်တော်တို့က အများကြီးပိုကောင်းခဲ့ပါတယ်။ ဦးဆောင်ပေးလိုက်ရတဲ့ အခွင့်အရေးတစ်ခုကြောင့်သာ အခုလိုမျိုး ဖြစ်သွားတာပါ။ မဟုတ်ရင် ဒီပွဲစဉ်က ကျွန်တော်တို့ပွဲစဉ် ဖြစ်နေပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။