ခရူဇီယိုကစားသမားကိုင်ကီကို ယူရို ၁၄ သန်းဖြင့်ခေါ်ယူဖို့ ဖာဘရီဂတ်ရဲ့ကိုမိုအသင်း သဘောတူညီမှုရရှိ
ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းက ခရူဇီယိုအသင်းနောက်ခံလူကိုင်ကီကို ယူရို ၁၄ သန်းဖြင့် ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။
အသက် ၂၃ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုအတွင်း ဘရာဇီးကလပ်အသင်းအတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ သူက ၂၀၂၆ ခုနှစ်အတွင်း ၃၂ ပွဲကစားပြီး ဂိုးဖန်တီးမှုလေးကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။
သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ကိုင်ကီက သူ့ရဲ့ မွေးရပ်မြေဘရာဇီးနိုင်ငံမှ ထွက်ခွာပြီး ဖာဘရီဂတ်စ်ရဲ့ကိုမိုအသင်းနဲ့အတူ ဥရောပဘောလုံးလောကဆီ ဝင်ရောက်လာတော့မယ်လို့ သိရပါတယ်။
လတ်တလောမှာ သူ့ရဲ့စာချုပ်သက်တမ်းကာလကို မသိရသေးပေမဲ့ ဒီအပြောင်းအရွှေ့က ယူရို ၁၂ သန်းအပြင် အပိုထပ်ဆောင်းဆုကြေး ယူရို ၂ သန်းအထိ တန်ကြေးရှိတယ်လို့ သိရပါတယ်။
ကိုင်ကီက ခရိုအေးရှားကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ဘရာဇီးအသင်းရဲ့ခြေစမ်းပွဲစဉ်မှာ အရန်ခုံမှတဆင့် လက်ရွေးစင်ကစားသမားဘ၀ပွဲဦးထွက်ကို ပါဝင်ကစားခွင့်ရရှိခဲ့ပေမဲ့ နည်းပြအန်ဆယ်လော့တီရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်လူစာရင်းမှာတော့ မပါဝင်လာခဲ့ပါဘူး။