လီဗာပူးကစားသမားသစ်ဗစ်တာမူနော့ဇ်ရဲ့ စိတ်ပိုင်းဆိုင်ရာဖိအားတွေအကြောင်း ဖွင့်ဟပြောပြလာတဲ့ ဒီလာဖွန်တေ
စပိန်နည်းပြလူးဝစ်ဒီလာဖွန်တေက ဒဏ်ရာကြောင့် လီဗာပူးတိုက်စစ်မှူးဗစ်တာမူနော့ဇ်ရဲ့ ကမ္ဘာ့ဖလားခရီးစဉ်အဆုံးသတ်သွားနိုင်မှုအပေါ် စိုးရိမ်မှုတွေကို လျှော့ချပေးခဲ့ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်အစောပိုင်းမှာပဲ မူနော့ဇ်က စာချုပ်ဖျက်သိမ်းကြေးပေါင် ၃၄ ဒဿမ ၅ သန်းဖြင့် လီဗာပူးဆီ ပြောင်းရွှေ့လာခဲ့ပြီး လာမယ့်လအတွင်း အသင်းဖော်အသစ်တွေနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်မှာ ပါဝင်သွားပါလိမ့်မယ်။
လတ်တလောရက်ပိုင်းအတွင်း စပိန်ဘောလုံးအဖွဲ့ချုပ်(RFEF)က မူနော့ဇ်ရဲ့ဒဏ်ရာအသစ် နောက်ဆက်တွဲပြဿနာကို အတည်ပြုခဲ့ပြီးနောက် အမေရိကမြေမှာ အသက် ၂၂ နှစ်အရွယ် ကစားသမားလေးကို မြင်တွေ့ရဖို့ မျှော်လင့်နေကြတဲ့ လီဗာပူးပရိသတ်တွေအတွက် စိုးရိမ်မှုတွေ ရှိလာခဲ့ပါတယ်။
ဒါပေမဲ့ စပိန်နည်းပြဒီလာဖွန်တေကတော့ ဒီကတ္တလန်ဒေသဖွားကစားသမားရဲ့ ပြန်လည်သက်သာလာမှုအပေါ် အပြုသဘောဆောင်တဲ့ သတင်းစကားပါးခဲ့ပေမဲ့ အင်္ဂလန်ဆီပြောင်းရွှေ့မယ့်အစီအစဉ်တွေကြောင့် ကစားသမားရဲ့စိတ်အာရုံလွှင့်ပါးစေခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။
"ဗစ်တာမူနော့ဇ်က ကျွန်တော်တို့အတွက် ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ တကယ်ကို အရေးကြီးတဲ့ကစားသမား ဖြစ်လာပါလိမ့်မယ်။ သူ့မှာ ဒဏ်ရာအနည်းငယ်ရှိခဲ့ပေမဲ့ ဒါက ဒဏ်ရာဟောင်း ပြန်ဖြစ်တာမျိုး မဟုတ်ပါဘူး။ သူက ပြီးခဲ့တဲ့သီတင်းပတ်တွေအတွင်း စိတ်လှုပ်ရှားစရာတွေ အများကြီးကြုံတွေ့ခဲ့ရပါတယ်"
"အိုဆာဆူနာရဲ့တန်းဆင်းဇုန်တိုက်ပွဲ၊ ဒဏ်ရာတွေနဲ့ လီဗာပူးဆီ ပြောင်းရွှေ့ရမယ့် အခြေအနေတွေကြောင့် တင်းမာမှုတွေ အများကြီးရှိခဲ့ပြီး ဒါက သူ့ကို စိတ်ပိုင်းဆိုင်ရာဖိအားတွေ ဖြစ်စေခဲ့ပုံရပါတယ်။ အခုအချိန်မှာ သူတည်ငြိမ်ဖို့ လိုအပ်ပေမဲ့ သူက ကျွန်တော်တို့အတွက် အရေးပါတဲ့ကစားသမား ဖြစ်လာပါလိမ့်မယ်" လို့ သူက ဆိုပါတယ်။
မူနော့ဇ်က ကိတ်ဗာဒီနဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်၊ ဆော်ဒီကို ၄-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်တွေမှာ စပိန်အသင်းရဲ့အရန်လူစာရင်းမှာသာ ရှိနေခဲ့ပါတယ်။
စပိန်အသင်းက ဇွန် ၂၆ ရက်၊ မက္ကဆီကိုနိုင်ငံ၊ ဇာပိုပန် (Zapopan) မြို့မှာ ဥရုဂွေးအသင်းနဲ့ အုပ်စုအဆင့်နောက်ဆုံးပွဲစဉ်ကို ယှဉ်ပြိုင်သွားရပါမယ်။