ဆီနီဂေါအသင်းကို အနိုင်ယူပြီးနောက် ဝေဖန်သူတွေကို တုံ့ပြန်ပြောဆိုလာတဲ့ ပြင်သစ်ကြယ်ပွင့်အမ်ဘာပေ
ဆီနီဂေါအသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ပြင်သစ်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်အပြီး အမ်ဘာပေက ဝေဖန်မှုတွေကို လျစ်လျူရှုကာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက်ပဲ အာရုံစိုက်ထားတယ်လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။
အခုပွဲစဉ်ရဲ့ဒုတိယပိုင်းပွဲချိန်အတွင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးက နှစ်ဂိုးသွင်းယူကာ အကောင်းဆုံးခြေစွမ်းပြသနိုင်ခဲ့ပြီး ဂျီရော့ဒ်ကိုကျော်ဖြတ်ကာ နိုင်ငံ့လက်ရွေးစင်အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။
အခုလိုစွမ်းဆောင်ရည်ပိုင်းက ဝေဖန်မှုတွေကို တုံ့ပြန်ခြင်းလား သို့မဟုတ် သူ့အပေါ် သံသယရှိသူတွေ ပါးစပ်ပိတ်စေဖို့ ကြိုးပမ်းခဲ့မှုလားဆိုတဲ့မေးခွန်းနဲ့ပတ်သက်လို့ အမ်ဘာပေက ဒီအယူအဆကို ငြင်းပယ်ခဲ့ပြီး ပြင်ပမှလာတဲ့အသံတွေကို တုံ့ပြန်ဖို့ထက် ပြင်သစ်အသင်းအောင်မြင်မှုရရှိအောင် ကူညီပေးဖို့အတွက်သာ အဓိကအာရုံစိုက်ထားတယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။
"ကျွန်တော်က ကလဲ့စားချေဖို့အတွက် ဘောလုံးကစားနေတာ မဟုတ်ပါဘူး" လို့ အမ်ဘာပေက ပြောကြားခဲ့ပါတယ်။
"တကယ်လို့ ကျွန်တော့်အပေါ် ဝေဖန်သံတွေအားလုံး တိတ်ဆိတ်သွားစေချင်တယ်ဆိုရင်တော့ ကျွန်တော်ကိုယ်တိုင်လည်း အသက် ၈၀ လောက်အထိ ဘောလုံးကစားသွားရပါလိမ့်မယ်"
"ကျွန်တော်က နိုင်ငံအတွက် အစွမ်းကုန်ကြိုးစားသွားဖို့ပဲ အာရုံစိုက်ထားပါတယ်။ ဒါပါပဲ။ အဲဒီအပေါ်မှာပဲ အပြည့်အဝအာရုံစိုက်ထားပါတယ်" လို့ ဆိုပါတယ်။