The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ဆီပြောင်းရွှေ့ဖို့ အလွန်နီးစပ်နေတဲ့ ကူကူရယ်လာအတွက် သတင်းစကားပါးလာတဲ့ စပိန်နည်းပြဒီလာဖွန်တေ

စပိန်နည်းပြဒီလာဖွန်တေက ချဲလ်ဆီးမှ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ ရှိနေတဲ့ ကူကူရယ်လာအတွက် အလွန်ဝမ်းသာပီတိဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

စိန်ခေါ်မှုတွေများပြားခဲ့တဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအပြီး ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် စပိန်အသင်းရဲ့လူစာရင်းမှာ ရီးရဲလ်မက်ဒရစ်ကစားသမားပါဝင်လာခြင်း မရှိခဲ့ပါဘူး။

သတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်က အသက် ၂၇ နှစ်အရွယ်ကူကူရယ်လာအတွက် ချဲလ်ဆီးအသင်းနဲ့ ယူရိုသန်း ၆၀ တန် သဘောတူညီမှုရရှိခဲ့ပြီးနောက် ဒီအခြေအနေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့ပြီလို့ သိရပါတယ်။

တနင်္လာနေ့၊ ကိတ်ဗာဒီနဲ့ရင်ဆိုင်ရမယ့် စပိန်အသင်းရဲ့ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မတိုင်ခင် ဒီလာဖွန်တေက ဒီအပြောင်းအရွှေ့နဲ့ပတ်သက်လို့ သူ့ရဲ့အမြင်ကို ဆွေးနွေးခဲ့ပါတယ်။

"ကစားသမားအားလုံးကို ကျွန်တော်ကောင်းကောင်းသိသလို သူတို့ရဲ့ပေးဆပ်မှုနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုတွေကိုလည်း နားလည်ပါတယ်" လို့ စပိန်နည်းပြချုပ်က သတင်းထောက်တွေဆီ ပြောကြားခဲ့ပါတယ်။

"ခင်ဗျားတို့မှတ်မိဦးမယ်ဆိုရင် ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ယူရိုပြိုင်ပွဲကာလမှာ အခြားကစားသမားတွေနဲ့အတူ အခုလိုအခြေအနေမျိုးကို ဖြတ်သန်းခဲ့ဖူးပါတယ်"

"ပြဿနာတွေ သို့မဟုတ် သက်တောင့်သက်သာမရှိတဲ့ အခြေအနေမျိုးတွေ မဖြစ်လာအောင် ကျွန်တော်တို့က ဒါကို လွယ်လွယ်ကူကူနဲ့ ပုံမှန်အတိုင်းပဲ ကိုင်တွယ်ဖြေရှင်းခဲ့ပါတယ်"

"အသင်းမှာရှိသူတိုင်း အသင်းဖော်အချင်းချင်းထိခိုက်နိုင်မယ့်အရာကို မလုပ်ဆောင်ဘူးဆိုတာ ကျွန်တော် ရဲရဲကြီးအာမခံပါတယ်။ လုံးဝ မရှိနိုင်ပါဘူး"လို့ ဆက်ပြောခဲ့ပါတယ်။

ကူကူရယ်လာရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထပ်မံမေးမြန်းရာမှာတော့ ဒီလာဖွန်တေက "တကယ်လို့ ဒါက ကူကူရယ်လာအတွက် သတင်းကောင်းဆိုရင် ကျွန်တော်တို့ ဂုဏ်ပြုရပါမယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

"ပြီးတော့ ပြိုင်ပွဲတစ်လျှောက် အခြားအသင်းဖော်တစ်ဦးဦးနဲ့ပတ်သက်ပြီး အခြေအနေတစ်ခုခု ထပ်ရှိလာလို့ အဲဒါက သူ့အတွက် သတင်းကောင်းဖြစ်မယ်ဆိုရင်လည်း ကျွန်တော်တို့ ထပ်ပြီး ဂုဏ်ပြုသွား့ရပါမယ်"

"ကျွန်တော့်ရဲ့ကစားသမားတစ်ဦးအတွက် ကောင်းမွန်တဲ့အရာဆိုတာ အသင်းတစ်ခုလုံးအတွက်လည်း ကောင်းမွန်တဲ့အရာ ဖြစ်နေလို့ပါပဲ"

"တကယ်လို့ သူ ပျော်ရွှင်ကျေနပ်နေမယ်ဆိုရင် ကျွန်တော်လည်း ပျော်ရွှင်ကျေနပ်မိပါတယ်။ ကျွန်တော့်ရဲ့ကစားသမားတွေကိုပျော်ရွှင်စေမယ့် မည်သည့်အရာမဆို ကျွန်တော့်ကိုလည်း သူတို့လိုပဲ ပျော်ရွှင်စေပါတယ်" လို့ ဆိုပါတယ်။