အနာဂတ်နဲ့ပတ်သက်လို့ ကောလာဟလတွေ ဆက်တိုက်ထွက်ရှိနေမှုကို တုံ့ပြန်ပြောဆိုလာတဲ့ မိုဆာလက်ရဲ့အေးဂျင့်
မိုဆာလက်ရဲ့အေးဂျင့်ဖြစ်သူက တောင်ပံကစားသမားရဲ့အနာဂတ်နဲ့ပတ်သက်လို့ ထွက်ပေါ်နေတဲ့ ကောလာဟလတွေအပေါ် စိတ်ပျက်နေပုံကို လူမှုကွန်ရက်မှတဆင့် ဖော်ထုတ်ပြသလာပါတယ်။
အသက် ၃၃ နှစ်အရွယ်မိုဆာလက်က အခုနွေရာသီ၊ စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် လီဗာပူးအသင်းမှ ထွက်ခွာတော့မယ်လို့ အခုနှစ်အစောပိုင်းမှာ တရားဝင်ကြေညာခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ မိုဆာလက်က ပရီးမီးယားလိဂ်ပွဲစဉ် ၂၇ ပွဲကစားရာမှာ သွင်းဂိုး ခုနစ်ဂိုး၊ ဂိုးဖန်တီးမှု ခုနစ်ကြိမ်သာ ပြုလုပ်နိုင်ခဲ့သလို လီဗာပူးအသင်းလည်း ပရီးမီးယားလိဂ်အမှတ်ပေးဇယားပဉ္စမနေရာနဲ့ ရာသီသိမ်းခဲ့လို့ စိတ်ပျက်ဖွယ်အတိ ဖြစ်ခဲ့ပါတယ်။
လာမယ့်ဘောလုံးရာသီသစ်မှာ မိုဆာလက် ဘယ်လိုရှိနေမလဲဆိုတာနဲ့ပတ်သက်လို့ ကောလာဟလတွေ အများအပြားထွက်ပေါ်နေပြီး တူရကီ၊ ဆော်ဒီ၊ အမေရိကန်မေဂျာလိဂ်(MLS) တို့နဲ့ ချိတ်ဆက်မှုတွေလည်း ရှိနေပြန်ပါတယ်။
ဒါကြောင့် မိုဆာလက်ရဲ့အေးဂျင့်ဖြစ်သူ ရာမီအက်ဘတ်စ်အီဆာကတော့ အခုလိုကောလာဟလတွေ ဆက်တိုက်ထွက်ပေါ်နေမှုအပေါ် စိတ်ပျက်နေပြီး ယခင် Twitter လို့လူသိများတဲ့ X လူမှုကွန်ရက်မှတဆင့် တုံ့ပြန်လာခဲ့ပါတယ်။
"မိုဆာလက်အတွက် အရာအားလုံး အဆင်ပြေပါတယ်။ သူရော၊ ကျွန်တော်ပါ ဒီကိစ္စနဲ့မသက်ဆိုင်တဲ့သူတွေနဲ့အတူ အနာဂတ်အတွက် အရေးကြီးတဲ့အစီအစဉ်တွေကို ဆွေးနွေးဖို့ ဆန္ဒမရှိကြပါဘူး" လို့ ရာမီအက်ဘတ်စ်အီဆာက ရေးသားခဲ့ပါတယ်။
"သူရော၊ ကျွန်တော်ပါ ဒီလိုအရာတွေကို သီးသန့်ပဲ ထားရှိလိုကြပါတယ်။ ဟုတ်ပါတယ်၊ လူတွေက မေးမြန်းကြပြီး ပုံမှန်ယဉ်ကျေးတဲ့ တုံ့ပြန်မှုမျိုးကို ရရှိနိုင်ပေမဲ့ အရှိတရားကတော့ အရှိတရားပါပဲ" လို့ ဆက်လက်ဖော်ပြခဲ့ပါတယ်။။