၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု L အပေါ် ဆန်းစစ်ချက်နဲ့ ခန့်မှန်းချက်များ
၂၀၂၆ ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲ အင်္ဂလန်လည်းပါဝင်နေပါတယ်။ ဒါပေမဲ့ အုပ်စု (L) မှာ အင်္ဂလန်ကို စိန်ခေါ်မယ့်အသင်းကတော့ ခရိုအေးရှားပါ။
အသက် ၄၀ အရွယ်ရှိပြီဖြစ်တဲ့ ၂၀၁၈ ဘော်လွန်းဒီအော်ဆုရှင် လူကာမိုဒရစ်က ကစားသမားဘ၀ ၅ ကြိမ်မြောက် ကမ္ဘာ့ဖလားကို ကစားမှာဖြစ်ပါတယ်။
တစ်ဖက်မှာလည်း အင်္ဂလန်က ၁၉၆၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ချန်ပီယံဖြစ်ဖို့ ကြိုးစားမှာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့ အကြိမ်၂၅၀ မြောက်အမှတ်တရပွဲကျင်းပနေချိန်မှာပဲ အင်္ဂလန်က နှစ်ပေါင်း ၆၀ ကြာ ဖလားငတ်မွတ်မှုကို အဆုံးသတ်နိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
အုပ်စု (L) က အသင်းများ
ခရိုအေးရှား
ခရိုအေးရှားကို ဗိုလ်စွဲမယ့်အသင်းစာရင်းထဲမှာ သိပ်မထည့်ကြပေမဲ့ နိုင်ငံတကာ စင်မြင့်ထက်မှာ လျှော့တွက်လို့မရတဲ့ အင်အားကြီးအသင်းဖြစ်ပါတယ်။
၂၀၁၈ မှာ ဒုတိယ၊ ၂၀၂၂ မှာ တတိယ ရခဲ့သလို ၂၀၂၃ နေးရှင်းလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တက်ခဲ့ပါတယ်။
ခရိုအေးရှားက အုပ်စုပထမ ရေပန်းစားနေတဲ့ အင်္ဂလန်ကို ဒုက္ခပေးမယ့်အပြင် ရှုံးထွက်အဆင့်တွေမှာလည်း ဘယ်အသင်းနဲ့တွေ့တွေ့ ရင်ဆိုင်ရခက်မယ့်အသင်းမျိုး ဖြစ်ပါတယ်။
အဓိကကစားသမားများ - ဟိုရှကိုဂျီဗာဒီအော၊ မတ်တီယိုကိုဗာဆစ်၊ လူကာမိုဒရစ်
အင်္ဂလန်
အင်္ဂလန်ပရိသတ်တွေ "Football's Coming Home" ဆိုတဲ့ သီချင်းကို ဇူလိုင်လ ၁၉ ရက် ဗိုလ်လုပွဲအထိ ဆိုသွားနိုင်မလား။ အမေရိကန်မှာ အင်္ဂလန်ပရိသတ်တွေ အများကြီးရှိလို့ အိမ်ကွင်းမှာ ကစားသလိုခံစားရမှာပါ။ ဒီလောက် အရည်အချင်းရှိတဲ့ အသင်းသားတွေနဲ့အတူ အောင်မြင်မှုရနိုင်မလား။ အင်္ဂလန်အတွက်ကတော့ ဒီနွေရာသီမှာ ချန်ပီယံဆုဖလားကလွဲလို့ ကျန်တာ ဘာရရ စိတ်ပျက်စရာပဲ ဖြစ်ပါလိမ့်မယ်။
*အဓိကကစားသမားများ - ဂျုဒ်ဘယ်လင်ဟမ်၊ ဟယ်ရီကိန်း၊ ဘူကာယိုဆာကာ
ဂါနာ
ဂါနာက ၂၀၀၆ ခုနှစ်မှာ ပထမဆုံးအကြိမ် ကမ္ဘာ့ဖလား ကစားခဲ့ပြီးနောက်ပိုင်း နောက်ဆုံး ၆ ကြိမ်မှာ ၅ ကြိမ်အထိ ခြေစစ်ပွဲအောင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။ အာဖရိကကိုယ်စားပြုအသင်းတွေထဲ အားအထားရဆုံးအသင်းတစ်သင်းဖြစ်ပေမဲ့ ပြိုင်ပွဲမစခင် ၇၈ ရက်အလိုမှာမှ နည်းပြ အော့တိုအက်ဒိုကို ထုတ်ပယ်ပြီး ကားလို့စ်ကွီရို့ဇ်ကို ဧပြီလ ၁၃ ရက်နေ့မှာ ခန့်အပ်ခဲ့တာကြောင့် အပြောင်းအလဲတွေ ဖြစ်နေပါတယ်။
အဓိကကစားသမားများ - မိုဟာမက်ကူဒက်စ်၊ အန်တွိုင်းဆီမန်ညို၊ အီနာကီဝီလျံစ်
ပနားမား
ပါနားမားကတော့ ၂၀၁၈ ရုရှားကမ္ဘာ့ဖလားမှာ အဆိုးဆုံးအခြေအနေနဲ့ အဆုံးသတ်ခဲ့ရပြီး ဒီနှစ်မှ ဒုတိယအကြိမ်မြောက်ဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ အုပ်စု (L) က ပနားမားအတွက် ခက်ခဲပေမဲ့ ခြေစစ်ပွဲမှာတော့ ရှုံးပွဲမရှိတက်လာခဲ့တာ ဖြစ်ပါတယ်။
အဓိကကစားသမားများ - အဒယ်ဘာတိုကိုကိုကာရာစကီယာ၊ အစ္စမေးလ်ဒီယက်ဇ်၊ အာနီဘယ်လ်ဂိုဒွိုင်း
ခန့်မှန်းချက်
၁.အင်္ဂလန်
၂.ခရိုအေးရှား
၃.ဂါနာ
၄.ပနားမား