မန်စီးတီးက တန်ကြေးသတ်မှတ်ပြီးနောက် ကမ်းလှမ်းမှုတွေအတွက် လမ်းဖွင့်လိုက်တဲ့ ထရက်ဖို့ဒ်
အန်ဇို မာရက်စကာ အသင်းဆီ တရားဝင်ရောက်ရှိလာပြီးနောက်မှာ ဂျိမ်းစ် ထရက်ဖို့ဒ်ရဲ့ မန်စီးတီးကစားသမားဘဝ အနာဂတ်က အဖြေပေါ်ထွက်လာတော့မှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နွေရာသီက နယူးကာဆယ်ရဲ့ စိတ်ဝင်စားမှုကို ကျော်ဖြတ်ပြီး ဘန်လေအသင်းဆီကနေ ပေါင် ၂၇ သန်းနဲ့ ထရက်ဖို့ဒ်ကို မန်စီးတီးက ခေါ်ယူခဲ့တာပါ။
အင်္ဂလန်လက်ရွေးစင်ကစားသမားဖြစ်တဲ့ သူဟာ ပီအက်စ်ဂျီကနေ ကမ္ဘာ့အကောင်းဆုံး ဂိုးသမားတစ်ဦးဖြစ်တဲ့ ဂျန်လူဝီဂျီ ဒွန်နာရမ်မာကို မခေါ်ယူခင်အထိ အီတီဟတ်ကွင်းရဲ့ နံပါတ်တစ်ဂိုးသမား ဖြစ်လာမယ်လို့ ထင်မှတ်ခဲ့တာ ဖြစ်ပါတယ်။
ဒွန်နာရမ်မာ ရောက်ရှိလာခြင်းကြောင့် နည်းပြ ဂွါဒီယိုလာက အီတလီကြယ်ပွင့်ကိုသာ ပိုမိုအသုံးပြုခဲ့တာကြောင့် ထရက်ဖို့ဒ်အနေနဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲသာ ပွဲထွက်ခွင့်ရခဲ့ပြီး အဲဒီထဲမှာ ပရီမီယံလိဂ်ပွဲစဉ် ၄ ပွဲသာ ပါဝင်ခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် ကစားသမားဟာ လက်ရှိအခြေအနေအပေါ် စိတ်တိုင်းမကျဖြစ်နေပြီး နောက်ထပ် ရာသီတစ်ခုမှာ အရန်ဂိုးသမားအဖြစ် ထပ်မနေချင်တော့ဘူးဆိုတာကို ရှင်းရှင်းလင်းလင်း ပြောကြားထားတယ်လို့ TEAMtalk က ဖော်ပြခဲ့ပါတယ်။
မန်စီးတီးဆီ မရောက်ခင်ကတည်းက သူ့ကို ခေါ်ယူဖို့ နီးစပ်ခဲ့တဲ့ နယူးကာဆယ်အသင်းက အခုလည်း သူ့ကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေပါတယ်။ ဒါပေမဲ့ တော့တင်ဟမ်၊ ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ အသင်းတွေကလည်း သူ့ရဲ့ အခြေအနေကို စောင့်ကြည့်နေကြပါတယ်။
မန်စီးတီးအသင်းကတော့ ပြီးခဲ့တဲ့နှစ်က ပေးခဲ့ရတဲ့ ပြောင်းရွှေ့ကြေးထက် အမြတ်ရဖို့အတွက် ဒီအင်္ဂလန်ကစားသမားအတွက် ပေါင် သန်း ၄၀ ထက်မနည်းတဲ့ ကမ်းလှမ်းမှုတွေကို အလိုရှိနေတယ်လို့ သိရပါတယ်။ ဒါဟာ နယူးကာဆယ်အသင်းအတွက် သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ကစားသမားကို အရခေါ်ယူနိုင်ဖို့ အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။