The network connection is lost.

Banner Image

ဘရာဇီးရဲ့ခြေစမ်းပွဲစဉ်တွေ လွဲချော်မယ့်ကိစ္စကြောင့် ကမ္ဘာ့ဖလားအတွက် စိုးရိမ်စရာဖြစ်လာတဲ့ နေမာ

ဘရာဇီးအသင်းရဲ့ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ပြင်ဆင်မှုတွေက အခက်အခဲနဲ့ ကြုံနေရပြီး နေမာကိုယ်တိုင်လည်း ခြေသလုံးကြွက်သားဒဏ်ရာကြောင့် ပြိုင်ပွဲနဲ့ လွဲချော်သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

အသက် ၃၄ နှစ်အရွယ်တိုက်စစ်မှူးက ဘရာဇီးလက်ရွေးစင်အသင်းရဲ့ သွင်းဂိုးအများဆုံးကစားသမားဖြစ်ပေမဲ့ ၂၀၂၃ ခုနှစ်နောက်ပိုင်း အသင်းအတွက် ပြန်လည်ကစားပေးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒါပေမဲ့ နည်းပြအန်ဆယ်လော့တီကတော့ နေမာအပေါ် ယုံကြည်မှုရှိရှိနဲ့ ဒီလအစောပိုင်းမှာ ထုတ်ပြန်ခဲ့တဲ့ ကမ္ဘာ့ဖလားလူစာရင်းမှာ ထည့်သွင်းရွေးချယ်ခဲ့ပါတယ်။

အခုသီတင်းပတ်မှာတော့ နေမာက ညာခြေသလုံးကြွက်သားဒဏ်ရာကို ကုသဖို့အတွက် ဘရာဇီးအသင်းဆေးအဖွဲ့အကြီးအကဲရိုဒရီဂိုလက်စ်မာနဲ့အတူ ဆေးရုံသွားရောက်ခဲ့ပြီး MRI စကန်ဖတ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ် (CBF) ကတော့ "ဘရာဇီးလ်လက်ရွေးစင်အသင်းဆေးအဖွဲ့ရဲ့စစ်ဆေးမှုအပြည့်အစုံမပြီးမချင်း နောက်ထပ်သတင်းအချက်အလက်တွေကို ထုတ်ပြန်ပေးသွားဖို့ မရှိဘူး" လို့ ကြေညာထားပြီး ပရိသတ်တွေကိုယ်တိုင်လည်း သတင်းအသစ်ကို စိုးရိမ်တကြီး စောင့်မျှော်နေကြပါတယ်။

အခုအခါမှာတော့ ဘရာဇီးအသင်းဆရာဝန်ရိုဒရီဂိုလက်စ်မာက နေမာရဲ့ညာဘက်ခြေသလုံးမှာ အဆင့် (၂) ရှိတဲ့ ဒဏ်ရာရရှိခဲ့လို့ လေ့ကျင့်ရေးအစီအစဉ်တွေသာမက လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ပနားမားနဲ့ပွဲစဉ်၊ ဇွန် ၆ ရက်နေ့မှာ ကစားမယ့် အီဂျစ်နဲ့ ခြေစမ်းပွဲတွေကိုပါ လွဲချော်လိမ့်မယ်လို့ ကြာသပတေးနေ့မှာ အတည်ပြုပြောကြားခဲ့ပါတယ်။

"နေမာက မနေ့ကတည်းက Granja Comary ကို ရောက်ရှိလာပြီး ဆေးစစ်မှုတွေအားလုံး ပြုလုပ်ခဲ့ပါတယ်။ MRI စစ်ဆေးချက်အရ ကြွက်သားဒဏ်ရာ အဆင့် (၂) ရရှိထားတာကို တွေ့ရပါတယ်။ အခုတော့ ကုသမှုတွေ ဆက်တိုက်လုပ်နေပြီး သီတင်းပတ် နှစ်ပတ်မှ သုံးပတ်အတွင်း ပြန်ကောင်းလာမယ်လို့ မျှော်လင့်ရပါတယ်" လို့ လက်စ်မာက ဆိုပါတယ်။

ဘရာဇီးအသင်းက ဇွန် ၁၃ ရက်မှာ မော်ရိုကိုနဲ့ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲ စတင်ကစားရဖို့ရှိနေလို့ နေမာအတွက် ကြံ့ခိုင်မှုအပြည့်အဝပြန်ရဖို့ ၁၇ ရက်သာ အချိန်ရရှိထားပါတယ်။

Torcedores ရဲ့ဖော်ပြချက်အရ ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်မှာ နေမာ ပါဝင်နိုင်အောင် ဆေးအဖွဲ့က အစွမ်းကုန်ကြိုးစားနေကြသလို နည်းပြအန်ဆယ်လော့တီကလည်း အသင်းနဲ့အတူပူးပေါင်းနိုင်ဖို့ နေမာနဲ့ တိုက်ရိုက်စကားပြောဆိုထားတယ်လို့ သိရပါတယ်။