၂၀၂၅-၂၆ ဘောလုံးရာသီ၊ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးအပြောင်းအရွှေ့လှုပ်ရှားမှုများ
အခုဆိုရင် ဘောလုံးရာသီပြီးဆုံးသွားပြီဖြစ်လို့ ကစားသမားတွေရဲ့သက်ရောက်မှုနဲ့ တန်ဖိုးအပေါ် မူတည်ပြီး ၂၀၂၅-၂၆ ပရီးမီးယားလိဂ်ရာသီရဲ့ အကောင်းဆုံးအပြောင်းအရွှေ့တွေကို ကောက်နှုတ်ဖော်ပြပေးလိုက်ပါတယ်။
ကယ်လ်ဗတ်လီဝင် (လိဒ်ယူနိုက်တက်)
ပြီးခဲ့တဲ့နွေရာသီ၊ အဲဗာတန်နဲ့ လမ်းခွဲခဲ့တဲ့ ကယ်လ်ဗတ်လီဝင်က ကစားသမားဘ၀နောက်တစ်ကြိမ်ပြန်စတင်နိုင်ဖို့ လိဒ်ယူနိုက်တက်ဆီ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဗာတန်မှာကစားခဲ့တဲ့ နောက်ဆုံးကာလတွေအတွင်း ဒဏ်ရာပြဿနာတွေနဲ့ ခြေစွမ်းပိုင်းကျဆင်းမှုတွေ ရှိခဲ့ပေမဲ့ အယ်လန်ရုဒ်မှာတော့ သူ့ရဲ့ ကစားသမားဘဝ အားသစ်ပြန်လောင်းနိုင်ခဲ့ပါတယ်။ သူက နည်းပြဖာကီရဲ့အသင်းအတွက် အဓိက တိုက်စစ်မှူးအဖြစ် ခြေစွမ်းပြခဲ့ပြီး လိဒ်ယူနိုက်တက်ကို ပရီးမီးယားလိဂ်မှာ ဆက်ရှိနေစေဖို့ ၁၄ ဂိုးအထိ သွင်းယူပေးခဲ့ပါတယ်။ ဒီခြေစွမ်းတွေကြောင့်ပဲ ငါးနှစ်ကြာဝေးကွာခဲ့တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ပြန်ရွေးချယ်ခံခဲ့ရပါတယ်။
ဇာခါ (ဆန်းဒါးလန်း)
ပြီးခဲ့တဲ့နွေရာသီ၊ ဆန်းဒါးလန်းဆီ ဇာခါရောက်ရှိလာမှုက တကယ့်ကိုအံ့အားသင့်စရာကောင်းခဲ့ပြီး ဒါဟာ တန်းတက်ကလပ်အသင်းရဲ့ အင်အားပြသမှုတစ်ခု ဖြစ်ပါတယ်။ ဇာခါရဲ့လွှမ်းမိုးနိုင်စွမ်းကလည်း ပြောစရာမလိုလောက်အောင်ပါပဲ။ သူ့ရဲ့ ကွင်းလယ်ထိန်းချုပ်နိုင်စွမ်းနဲ့ ခေါင်းဆောင်မှုပိုင်းတွေကို အလင်းရောင်ကွင်းကြီးမှာ အထင်အရှား မြင်တွေ့ခဲ့ရပါတယ်။ ဆန်းဒါးလန်းကို ၅၂ နှစ်အတွင်း ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့်ရရှိအောင် ကူညီပေးခဲ့တဲ့ ဒီဝါရင့်ကစားသမားက အသင်းရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။
ချာကီ (မန်စီးတီး)
တည်ကန်ဘောတွေနဲ့ လက်ပစ်ဘောတွေ အားသာတဲ့ အခုဘောလုံးရာသီမှာ ချာကီရဲ့ကစားဟန်ဟာ လန်းဆန်းမှုကို ဖြစ်စေခဲ့ပါတယ်။ ပြင်သစ်ကစားသမားရဲ့အနုပညာဆန်တဲ့ကစားကွက်တွေက အီတီဟတ်ကွင်းကို တောက်ပစေခဲ့ပြီး ပြိုင်ဘက်ခံစစ်မှူးတွေကို တစ်ဦးချင်းကျော်ဖြတ်လိုတဲ့ သူ့ရဲ့ဆန္ဒကလည်း အမြဲတမ်းပြင်းပြနေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ သူက အသင်းအတွက် အကျိုးရှိတဲ့ရလဒ်တွေကိုလည်း ဖော်ဆောင်ပေးခဲ့ပြီး ပရီးမီးယားလိဂ်မှာ ဘရူနိုဖာနန်ဒက်စ် တစ်ဦးတည်းသာ ချာကီထက် ဂိုးဖန်တီးမှု ပိုများခဲ့ပါတယ်။
ရိုဘင်ရုဖ် (ဆန်းဒါးလန်း)
ဆန်းဒါးလန်းရဲ့ စမတ်ကျတဲ့ ကစားသမားရှာဖွေမှုတွေအနက် တစ်ခုဖြစ်တဲ့ ဂိုးသမားသစ်ခေါ်ယူမှုမှာတော့ နည်းပြလီဘရစ်နဲ့အဖွဲ့က စွန့်စားမှုတစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဆန်းဒါးလန်းက နယ်သာလန်ကလပ် NEC နိုက်မေဂန်မှာ တစ်ရာသီလောက်သာ ကစားဖူးသေးတဲ့ ရိုဘင်ရုဖ်ကို ပေါင်ကိုးသန်းအထိ အသုံးပြုပြီး ခေါ်ယူသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါက တကယ့်ကိုအဖိုးတန်တဲ့ဝယ်ယူမှုတစ်ခုဖြစ်ခဲ့ပြီး ဒီလူငယ်ဂိုးသမားမှာ တည်ငြိမ်မှုနဲ့ အလားအလာကောင်းတွေ ပိုင်ဆိုင်ထားပါတယ်။ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာ သူ့ထက် ဂိုးပေါက်ကာကွယ်မှု ပိုပြုလုပ်နိုင်တဲ့ ဂိုးသမားနှစ်ဦးသာ ရှိပါတယ်။
လမ်မန်းစ် (ယူနိုက်တက်)
အိုနာနာရဲ့ ဆိုးရွားလှတဲ့ အိုးထရက်ဖို့ဒ်ဘောလုံးရာသီနှစ်ခုအပြီး သရဲနီတွေရဲ့ဂိုးသမားနေရာက အမြဲတမ်းလိုလို ဝေဖန်စရာဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ၂၀၂၅-၂၀၂၆ ဘောလုံးရာသီမှာတော့ လမ်မန်းစ်ရဲ့လက်စွမ်းပြမှုတွေကြောင့် ဂိုးသမားပြဿနာအကြောင်း ပြောသံဆိုသံတွေ ပျောက်ကွယ်သွားခဲ့ပါတယ်။ အတွေ့အကြုံရှိတဲ့ ဂိုးသမားတွေထက် အသက် ၂၃ နှစ်အရွယ်လူငယ်ကို ရွေးချယ်ခဲ့တယ်ဆိုတာ စွန့်စားမှုတစ်ခုဖြစ်ပေမဲ့ ဖိအားတွေကို လမ်မန်းစ်ကိုယ်တိုင် ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့ပါတယ်။ အားလုံးထက် ထူးခြားတာကတော့ လမ်မန်းစ်က ယူနိုက်တက်မှာ လိုအပ်နေတဲ့ ယုံကြည်စိတ်ချရတဲ့ဂိုးသမားတစ်ဦး ဖြစ်လာတာပါပဲ။