ပါဒါဘွန်းနဲ့အတူ တန်းတက်နိုင်ပြီးနောက် အပီအပြင်ကဲတော့မယ်လို့ ဆိုလိုက်တဲ့ ဂိုးသမားဒန်းနစ်ဆီမင်
တနင်္လာညပိုင်း၊ ပလေးအော့ဖ်ပွဲစဉ်မှာ ပါဒါဘွန်းက ဝုဖ်ဘတ်ကို အချိန်ပိုမှာ အနိုင်ယူပြီး ဘွန်ဒက်စ်လီဂါဆီ တန်းတက်နိုင်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ပါဒါဘွန်းဂိုးသမားဒန်းနစ်ဆီမင်က သူ့ရဲ့ဝမ်းသာပီတိဖြစ်မှုကို စကားလုံးနဲ့တောင် ဖော်ပြဖို့ ခက်ခဲနေခဲ့ပါတယ်။
"ဒီမှာ ဖြစ်ပျက်ခဲ့တဲ့အရာတွေက တကယ့်ကို ထူးခြားပါတယ်" လို့ ပွဲအပြီးမှာ ဆီမင်က Sky Germany ကို ပြောကြားခဲ့သလို သူကိုယ်တိုင်လည်း အောင်ပွဲခံဖို့ စိတ်အားထက်သန်နေပါတယ်။
"ဒီညတော့ ကျွန်တော်တို့အားလုံး အပီအပြင် ကဲကြပါတော့မယ်။ ဘယ်နေရာမှာပဲဖြစ်ဖြစ် ကျွန်တော် လိုက်သွားပြီး အောင်ပွဲခံမှုတိုင်းမှာ ပါဝင်သွားပါမယ်" လို့ ၎င်းက ဆိုပါတယ်။
ဆီမင်က စတုဂတ်အသင်းမှ အငှားဖြင့် လာရောက်ကစားနေသူဖြစ်ပြီး လာမယ့်ရာသီမှာတော့ စတုဂတ်ရဲ့ပထမဦးစားပေးဂိုးသမားအဖြစ် ရွေးချယ်ခံရဖွယ် ရှိပါတယ်။ ဒါကြောင့်လည်း အခုပွဲစဉ်က ပါဒါဘွန်းအသင်းအတွက် သူကစားပေးခဲ့တဲ့ နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်ပါတယ်။