တန်းဆင်းခဲ့ရတဲ့ပွဲစဉ်အပြီး မာဟီလီရဲ့ပွဲချိန်အစောပိုင်းအနီကတ်ပြစ်ဒဏ်ကို ဝေဖန်ပြောဆိုလိုက်တဲ့ ဝုဖ်ဘတ်နည်းပြဟတ်ကင်း
ပါဒါဘွန်းကိုရှုံးနိမ့်ကာ တန်းဆင်းခဲ့ရပြီးနောက် ဝုဖ်ဘတ်အသင်းနည်းပြဟက်ကင်းက ပွဲချိန်အစောပိုင်းမှာ ထွက်ပေါ်လာတဲ့ မာဟီလီရဲ့အနီကတ်ပြစ်ဒဏ်အတွက် ဆုံးဖြတ်ချက်ကို မေးခွန်းထုတ်ဝေဖန်ခဲ့ပါတယ်။
တနင်္လာညပိုင်း၊ ဘွန်ဒက်စ်လီဂါတန်းဆင်း/တန်းတက်ပလေးအော့ဖ်ဒုတိယအကျော့အဖြစ် ပါဒါဘွန်းနဲ့ပွဲစဉ်မှာ ဝုဖ်ဘတ်က ပွဲအစသုံးမိနစ်မှာတင် ဦးဆောင်ဂိုးရရှိခဲ့ပေမဲ့ လက်ကျန်ပွဲချိန်မိနစ်အတော်များများကို ကစားသမားတစ်ဦးလျော့ဖြင့် ယှဉ်ပြိုင်ကစားကာ အချိန်ပိုမှာ ၂-၁ ဂိုးဖြင့် ရှုံးနိမ့်ပြီး တန်းဆင်းခဲ့ရပါတယ်။
ဒီပွဲစဉ်ရဲ့ပွဲချိန် ၁၄ မိနစ်မှာတင် ကွင်းလယ်ဒိုင်က ဝုဖ်ဘတ်နောက်ခံလူဂျိုအာကင်မာဟီလီကို နှစ်ဝါတစ်နီပြစ်ဒဏ်ဖြင့် ထုတ်ပယ်ခဲ့ပြီး ဒီဆုံးဖြတ်ချက်ကို ပြင်းထန်လွန်းတယ်လို့ ခံစားနေရတဲ့ နည်းပြဟတ်ကင်းအတွက်တော့ အတော်လေးစိတ်ပျက်စရာဖြစ်ခဲ့ပါတယ်။
"အနီကတ်ကိစ္စနဲ့ပတ်သက်ရင် ဖြစ်ပျက်ခဲ့တဲ့အခြေအနေတစ်ခုလုံးကို ပြန်ကြည့်ပေးဖို့ လိုပါတယ်။ ဒိုင်လူကြီးကိုယ်တိုင် အခြေအနေအပေါ်မူတည်ပြီး နည်းနည်းလောက် ပိုပြီး စာနာနားလည်ပေးစေချင်ခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ဒါတွေက အဓိပ္ပာယ်မရှိတော့ပါဘူး၊ ပွဲက ပြီးသွားပါပြီ။ ကျွန်တော်တို့ ပါဒါဘွန်းကိုပဲ ဂုဏ်ပြုသွားရပါမယ်" လို့ ဟတ်ကင်းက ပြောကြားခဲ့ပါတယ်။
"ကျွန်တော်ရော၊ အသင်းကစားသမားတွေပါ အရမ်းကို စိတ်ပျက်နေပါတယ်။ ဒီနေ့လိုပွဲစဉ်မျိုးမှာ အသင်းတစ်ခု တန်းတင်ကျန်ရစ်မလား၊ တန်းဆင်းသွားမလားဆိုတာက တစ်ခါတလေကျရင် ဖြစ်ရပ်တစ်ခုတည်းအပေါ်မှာပဲ မူတည်သွားတတ်ပါတယ်။ ဒီကိစ္စတွေကို တစ်ရက်နှစ်ရက်လောက် စိတ်အေးအေးထား စဉ်းစားပြီးမှပဲ အနာဂတ်အတွက် ဆက်ပြီး ဆွေးနွေးသွားကြပါမယ်" လို့ ဝုဖ်ဘတ်နည်းပြက ထပ်လောင်းပြောကြားခဲ့ပါတယ်။