လန်ဒန်မှာ အီရာအိုလာနဲ့ တွေ့ဆုံဆွေးနွေးခဲ့တဲ့ အေစီမီလန်
ချန်ပီယံလိဂ်ဝင်ခွင့်နဲ့လွဲချော်ခဲ့မှုကြောင့် နည်းပြ အယ်လီဂရီကို ရာထူးမှထုတ်ပယ်ခဲ့ပြီးနောက် အေစီမီလန်က အီရာအိုလာကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ အသည်းအသန် ကြိုးစားနေပါတယ်။
အီရာအိုလာဟာ ဘုန်းမောက်အသင်းကို သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ဥရောပပြိုင်ပွဲဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ရာသီပိတ်နောက်ဆုံးပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ တစ်ဖက်တစ်ဂိုးစီသရေကျပြီးနောက် ဘုန်းမောက်က လာမယ့်ရာသီ၊ ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ပါတယ်။
ဒါပေမဲ့ ဒီစပိန်လူမျိုးနည်းပြက သူကိုယ်တိုင်ကြိုးစားအားထုတ်ခဲ့တဲ့ အောင်မြင်မှုရဲ့အရသာကို ဗီတယ်လ်လတီကွင်းမှာ ဆက်ပြီးခံစားခွင့်မရရှိနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ သူက လာမယ့်လမှာ စာချုပ်သက်တမ်းကုန်ဆုံးတာနဲ့ အသင်းမှ ထွက်ခွာတော့မယ်လို့ အတည်ပြုထားပြီးသား ဖြစ်လို့ပါ။
အေစီမီလန်က အီရာအိုလာရဲ့ကိုယ်စားလှယ်တွေဆီကို ကမ်းလှမ်းမှုတွေ စတင်လုပ်ဆောင်နေသလို ခရစ္စတယ်ပဲလေ့စ်အသင်းကလည်း အသက် ၄၃ နှစ်အရွယ်နည်းပြကို ရရှိဖို့အတွက် သီတင်းပတ်အတော်ကြာကတည်းက အသည်းအသန် ကြိုးစားနေခဲ့ပါတယ်။
သတင်းထောက်မက်တီယိုမော်ရက်တိုရဲ့အဆိုအရ ပြီးခဲ့တဲ့သီတင်းပတ်၊ လန်ဒန်မှာ အီရာအိုလာနဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာတော့ အေစီမီလန်အသင်းက သူ့ကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေတယ်လို့ သိရပါတယ်။
ဒါက နှစ်ဖက်ကိုယ်စားလှယ်တွေကြား ပထမဆုံးအကြိမ် လူကိုယ်တိုင်တွေ့ဆုံနှုတ်ဆက်ခဲ့ကြခြင်းဖြစ်ပြီး ဒီတွေ့ဆုံမှုက အီရာအိုလာရဲ့အနာဂတ်ကို ဆုံးဖြတ်ပေးမယ့် အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။