မန်စီးတီးမှာ သူ့နေရာကို ဆက်ခံမယ့် အန်ဇိုမာရက်စကာကို ပက်ဂွါဒီယိုလာ အကြံပေးစကား ပြောကြား
ပက်ဂွါဒီယိုလာက သူရဲ့ အံ့ဩစရာကောင်းတဲ့ ၁၀ နှစ်တာ ခရီးစဉ်ကို အဆုံးသတ်ဖို့ ပြင်ဆင်နေချိန်မှာ သူ့နေရာကို ဆက်ခံမယ့် အန်ဇိုမာရက်စကာဆီကို ဆက်သွယ်သွားမယ်လို့ ပြောကြားလိုက်ပါတယ်။
အသက် ၅၅ နှစ်အရွယ် ဂွါဒီယိုလာဟာ မန်စီးတီးကနေ ထွက်ခွာပြီးနောက်မှာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဩဇာအရှိဆုံး မန်နေဂျာတစ်ဦးအဖြစ် မှတ်တမ်းဝင်ကျန်ရစ်တော့မှာပါ။ သူဟာ ကလပ်အသင်းမှာ ဆယ်စုနှစ်တစ်ခုကြာအောင် ဖြတ်သန်းခဲ့ပြီး ဆုဖလားပေါင်း ၂၀ အထိ ရယူပေးနိုင်ခဲ့သလို မန်စီးတီးကိုလည်း ဘောလုံးလောကရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်အောင် တည်ဆောက်ပေးနိုင်ခဲ့ပါတယ်။
တရားဝင် ထုတ်ပြန်ကြေညာခြင်း မရှိသေးပေမဲ့ ဂွါဒီယိုလာရဲ့ လက်ထောက်ဟောင်းဖြစ်သူ ချဲလ်ဆီးနည်းပြ အသက် ၄၆ နှစ်အရွယ် မာရက်စကာကပဲ အစားထိုး ဝင်ရောက်လာဖို့ များနေပါတယ်။ ပွဲအပြီး သတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာတော့ ဂွါဒီယိုလာက အလုပ်သစ်အတွက် ပြင်ဆင်နေတဲ့ အီတလီလူမျိုးနည်းပြ မာရက်စကာကို သူပေးမယ့် အကြံဉာဏ်တွေကို ဖွင့်ဟခဲ့ပါတယ်။
“ဘယ်သူဖြစ်မလဲဆိုတာ ကလပ်က ကျွန်တော့်ကို ပြောတာနဲ့ သူ့ဆီ သေချာပေါက် ကျွန်တော် ဖုန်းဆက်မှာပါ” လို့ ဂွါဒီယိုလာက ဆိုပါတယ်။
ဆက်လက်ပြီး သူက “ကျွန်တော် သူ့ကို ပြောချင်တာက ‘ကိုယ့်ပုံစံအတိုင်းပဲ နေပါ၊ ကလပ်အသင်းက မင်းကို အခြေအနေမရွေး အစွမ်းကုန် ထောက်ပံ့ပေးလိမ့်မယ်’ ဆိုတာပါပဲ။ ဒါဟာ ဒီအသင်းကို ရောက်လာခဲ့တဲ့ မန်နေဂျာတွေအားလုံး ရရှိခဲ့တဲ့ အကောင်းဆုံး ချီးမွမ်းမှု ဒါမှမဟုတ် အကောင်းဆုံး ကံကောင်းခြင်းပါပဲ။ တခြား ဘယ်ကလပ်မှာထက်မဆို မကောင်းတဲ့ အချိန်တွေ ရောက်လာရင်တောင် မင်းကို ဝိုင်းဝန်း ကာကွယ်ပေးကြလိမ့်မယ်။ ဒါကြောင့် ကိုယ့်စိတ်ကြိုက်ပဲ လုပ်ပါ၊ လွတ်လွတ်လပ်လပ်ရှိပါ၊ ကိုယ့်အိုင်ဒီယာတွေနဲ့ ရှေ့ဆက်ပါ။ အလုပ်ကို အစွမ်းကုန် ကြိုးစားလုပ်ဆောင်မယ်ဆိုရင် အရာအားလုံး အဆင်ပြေသွားပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။