The network connection is lost.

Banner Image

ဆိုရှယ်မီဒီယာကနေတစ်ဆင့် ဘရူနိုဖာနန်ဒက်စ်ကို ပဟေဠိဆန်ဆန် ထပ်မံစောင်းမြောင်းတိုက်ခိုက်လိုက်ပြန်တဲ့ ရွိုင်ကိန်း

မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားကြီး ရွိုင်ကိန်းဟာ လက်ရှိအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကို ဆိုရှယ်မီဒီယာကနေတစ်ဆင့် ပရိယာယ်ပါပါနဲ့ တစ်ချက်ပုတ်လိုက်ပြန်ပါတယ်။

အသက် ၃၁ နှစ်အရွယ် ဘရူနိုဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ထူးခြားပြောင်မြောက်တဲ့ ခြေစွမ်းတွေကို ပြသနေပြီး၊ ရာသီပိတ်ပွဲစဉ်ဖြစ်တဲ့ ဘရိုက်တန်ကို ၃ ဂိုး - ဂိုးမရှိနဲ့ နိုင်တဲ့ပွဲမှာ ၂၁ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်နိုင်ခဲ့တာကြောင့် ပရီးမီးရဲ့ တစ်ရာသီအတွင်း ဂိုးဖန်တီးမှုအများဆုံး စံချိန်သစ်ကိုလည်း တင်နိုင်ခဲ့သူပါ။

ဒါပေမဲ့လည်း ရွိုင်ကိန်းကတော့ ဘရူနိုရဲ့ခြေစွမ်းအပေါ် အားရကျေနပ်မှု မရှိဘဲ၊ ဘရူနိုဟာ အသင်းအောင်မြင်မှုထက် သူ့ရဲ့ တစ်ဦးချင်း ဂိုးဖန်တီးမှုစံချိန်တွေကိုပဲ ပိုဦးစားပေးနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။

ဒီစွပ်စွဲချက်နဲ့ပတ်သက်ပြီး မန်ယူအသင်းခေါင်းဆောင် ဘရူနိုကလည်း "Diary of a CEO" ပေါ့ဒ်ကတ်စ်မှာ ရွိုင်ကိန်းဟာ လိမ်ညာနေတာဖြစ်ပြီး သူ (ဘရူနို) လုံးဝမပြောခဲ့တဲ့ စကားတွေကို ပြောခဲ့တယ်ဆိုပြီး စွပ်စွဲနေတာလို့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ဘရူနိုက အစီအစဉ်တင်ဆက်သူ စတီဗင်ဘာတလက်တ်ကို ပြောကြားရာမှာ "ကျွန်တော် ဝေဖန်မှုတွေကို စိတ်မဆိုးပါဘူး။ လူတိုင်းရဲ့ ဝေဖန်မှုကို ကျွန်တော် အမြဲလက်ခံပြီး ဘယ်တော့မှလည်း ပြန်မတုံ့ပြန်ပါဘူး။ လူတွေမှာ ကိုယ်ပိုင်အမြင် ရှိနိုင်သလို၊ ကောင်းတာ ဆိုးတာလည်း ရှိနိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် တကယ်မကြိုက်တာကတော့ မဟုတ်မမှန်တာတွေကို လိမ်ညာပြောဆိုတာပါပဲ" လို့ ဆိုပါတယ်။

သူက ဆက်လက်ပြီး "ရွိုင်ကိန်း ပြောတဲ့ကိစ္စဆိုရင် သူပြောတာတွေဟာ လိမ်ညာချက်တွေပါပဲ။ သူ တခြားအင်တာဗျူးတစ်ခုခုနဲ့ မှားနေတာလား၊ ဒါမှမဟုတ် ကျွန်တော် လုံးဝမပြောခဲ့တဲ့ အကြောင်းအရာတစ်ခုကို ပြောခဲ့တယ်ဆိုပြီး ဘာလို့ လျှောက်ပြောနေတာလဲ မသိပါဘူး။ သူ ကျွန်တော့်ကို ကစားသမားတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ်၊ လူတစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ကြိုက်တာ၊ မကြိုက်တာကို ကျွန်တော် လက်ခံပါတယ်။ ဒါပေမဲ့ ကျွန်တော် မပြောခဲ့တဲ့စကားတွေကို ကျွန်တော့်ပါးစပ်ထဲ အတင်းထည့်ပြောတာမျိုးကိုတော့ ကျွန်တော် တကယ်မကြိုက်ပါဘူး" လို့ ပြောခဲ့ပါတယ်။

အခုအခါမှာတော့ ရွိုင်ကိန်းက သူ့ရဲ့ Instagram မှာ AI နဲ့ ဖန်တီးထားတဲ့ ပုံတစ်ပုံကို တင်ပြီး "အာရုံစိုက်မှုတွေ အရမ်းများလာတဲ့အခါ မြည်းတစ်ကောင်က သူ့ကိုယ်သူ ခြင်္သေ့လို့ ထင်သွားတတ်တယ်" ဆိုတဲ့ စာသားလေးနဲ့အတူ ဘရူနိုကို ပြန်လည်တုံ့ပြန်လိုက်တာပဲ ဖြစ်ပါတယ်။